ရွှေဖီမြေ၊ မေလ ၁၂ ရက်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြင်ဦးလွင်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မေလ ၁၁ ရက် မနက် ၇ နာရီ ဝန်းကျင်မှာ စဉ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့သလို မေလ ၁၀ ရက်နဲ့ ၁၁ ရက် နေ့လယ် ၁၁ နာရီနဲ့ ၄ နာရီ ဝန်းကျင်မှာ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀၊ ၂၀၀ ဗုံးကြဲချခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရခဲ့ပါတယ်။
လေကြောင်းအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၂၅ လုံးထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။
နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ရန်ကနေ လွတ်မြောက်ဖို့ ဒေသခံလူထုတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြင်ဦးလွင်ခရိုင် ကဆိုထားပါတယ်။
အလားတူ မေလ ၁၀ ရက်ကလည်း မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စဉ့်ကူးကို ဗုံးကြဲလို့ အရပ်သား ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီနေ့ မေလ ၁၂ ရက် မနက် ၁၀ နာရီ ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာကို ဗုံးကြဲခဲ့လို့ ကလေးနဲ့ ကျောင်းဆရာမ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။