မြတ်နိုး၊ ဇွန် ၂၈
ကချင်တပ်မတော်-KIO/KIA ထိန်းချုပ်နယ်မြေက KTV အားလုံး အခု ဇွန်လကုန် နောက်ဆုံးထား ပိတ်သိမ်းဖို့ အသိပေးထားကြောင်း KIO/KIA နဲ့ နီးစပ်သူတွေနဲ့ အသိပေး ထုတ်ပြန်ချက်အရ သိရပါတယ်။
“KTV မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲတာတွေ ဆိုးဝါးလာလို့ပါ။ လူငယ်တွေပဲ မဟုတ်တော့ဘူး။ အခုက မိန်းကလေးတွေရော ယောက်ျားလေးတွေရော အိမ်ထောင်သည်တွေ၊ လူကြီး လူငယ်၊အပျို၊အအို အကုန်ပျက်စီးလာနေတယ်”လို့ KIO/KIA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်ဘက်တော့ မြို့နာမည်တွေပါ အတိအကျ ထုတ်ပြန်ညွှန်ကြား အသိပေးထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
“မူးယစ်ဆေးဝါး ကုန်ကူးတာတွေ၊ ခြိမ်းခြောက် လုယက်၊ခိုးယူတာတွေလုပ်ပြီး KTV မှာ သွားပျော်၊ မူးယစ်ဆေးဝါးသုံးတာတွေ အများကြီးပဲ။ တစ်ည တစ်ည ကို သိန်းခုနှစ်ဆယ်၊ ရှစ်ဆယ် ပေးပြီး သုံးဖြုန်း လာနေကြတယ်”လို့ သူက ပြောပါတယ်။
KTV ပိတ်သိမ်းဖို့ ပြောထားတာက KIO/KIA ထိန်းချုပ်နယ်မြေ အားလုံးပါဝင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ထိန်းချုပ်နယ်မြေအချို့လည်းပါဝင်ကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းကြဖို့ အသိပေး ညွှန်ကြားထားတယ်လို့ သူကပြောတယ်။
KIO ဗဟိုဌာန မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီကညွှန်ကြား ထုတ်ပြန်ချက်ထဲမှာ KTVထဲ လူစု၊လူဝေးလုပ်ပြီး အိမ်ထောင်သည် အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ ကျောင်းသား၊ ကျောင်းသူတွေ စုဝေးပြီး မူးယစ်ဆေးဝါး သုံးစွဲ ပျော်ပါးတာအပြင် ရောင်းဝယ် ဖောက်ကား၊ အကျင့်စာရိတ္တ ပျက်ပြား၊ မိသားစုတွင်းထဲ ပြဿနာအမျိုးမျိုး ဖြစ်ပေါ်လာတာကြောင့် KTV ဆိုင်တွေ အားလုံး ပိတ်သိမ်းဖို့ KIO/KIA ဘက်က ညွှန်ကြား အသိပေးထားပါတယ်။
KIO အစိုးရအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပေါ်လစီ ရေးဆွဲ၊ငွေကုန်ကြေးကျများစွာ ကုန်ကျခံပြီး KIO ထိန်းချုပ်နယ်မြေမှာ မူးယစ်ဆေးဝါး ကင်းစင်လျော့ပါးအောင် မြို့နယ်အလိုက် ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။