မြတ်နိုး၊ ဇွန် ၂၄၊ ဝိုင်းမော်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအုပ်စု၊ လုမြန်ရွာဘက်မှာ လတ်တလော စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားနေပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာ ရှိသလို လေကြောင်းကနေ ဗုံးကြဲလို့ လူ ထိခိုက်ပြီး နေအိမ်လည်း ပျက်စီးမှုတွေရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဇွန်လ ၂၃ရက်နေ့ ည ၇နာရီအချိန်နဲ့ ဇွန်လ ၂၂ရက် ည ၁၀နာရီအချိန်ခန့်မှာ ဝိုင်းမှော် လုမြန်အနီးတစ်ဝိုက်ကို ဗုံးကြဲသွားတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“တနေ့ညက ဝိုင်းမော် ဂွေရွတ်ယန်ရွာမှာ လေယာဉ် ဗုံးကြဲလို့ နေအိမ် ၅ လုံး ပျက်စီးသွားတယ်။ ဒေသခံ ၂ ယောက် ထိခိုက် ဒဏ်ရာရသွားတယ်။” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ လုမြန်ရွာ အနီးဝန်းကျင် စစ်ရေးလှုပ်ရှား နေတာဖြစ်ပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ KIA နဲ့ နီးစပ်သူတွေကလည်း ပြောပါတယ်။
ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေချိန် စစ်ကောင်စီတပ်ဖွဲ့ဘက်က ရပ်ရွာတွေဘက် မကြာခဏ လက်နက်ကြီး ရမ်းသမ်း ပစ်နေတာတွေရှိနေပြီး လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေလည်း ခပ်စိပ်စိပ် လုပ်လာနေတယ်လို့လည်းဆိုပါတယ်။
ဒေသခံတွေက တိုက်ပွဲ ပိုမို ပြင်းထန်လာမှာ စိုးရိမ်လို့ အနီးအနား လုံခြုံရာနေရာတွေနဲ့ အနီးနားရွာတွေမှာရှိတဲ့ အသိမိတ်ဆွေတွေဆီ ခိုလှုံနေတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။