ယာရူစိင်၊ ဇွန်လ ၁၇ ရက်၊ တောင်ကြီး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့မှာ မြန်မာစာ ဆိုင်းဘုတ်မပြောင်းတဲ့ ဆိုင်တွေကို စစ်တပ်က ငွေ ၂ သိန်းကျပ် ဒဏ်ငွေဆောင်ခိုင်းခဲ့တယ်လို့ တောင်ကြီးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်က ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး မြန်မာစာအဖြစ် ပြောင်းထားဖို့ ပြောကြားထားပေမဲ့ တချို့ အင်္ဂလိပ်စာ တပ်ဆင်ထားတဲ့ ဆိုင်တွေဟာ မြန်မာစာ ဆိုင်းဘုတ် မပြောင်းသေးတာကြောင့် ဒဏ်ငွေ ၂ သိန်းအထိ ဆောင်နေရတာ ဖြစ်ပါပါတယ်။
“သူတို့က မြို့ထဲ လိုက်ကြည့်တယ်ဗျ။ သူတို့ပြောထားတဲ့ ရက်အတိုင်း မပြောင်းသေးရင် ၂ သိန်းကောက်ပါတယ်။ ဘာပြစ်ဒဏ်ပေးမယ်ဆိုတာတော့ သူတို့မပြောထားပေမဲ့ ခုတော့ ၂ သိန်းပေးနေရပါတယ်။ အသိထဲက ၂ ယောက် ၂ သိန်းဆီ ဆောင်လိုက်ရတယ်”
မြန်မာစာ ဆိုင်းဘုတ် မပြောင်းတဲ့ ဆိုင်တွေကို သက်ဆိုင်ရာဌာနတွေက ဆိုင်တွေအထိ ကိုယ်တိုင်လာရောက် ဒဏ်ငွေ ကောက်ခံနေတာလို့ တောင်ကြီးမြို့ခံတစ်ဦးက ဆက်ပြောပါတယ်။
အင်္ဂလိပ်စာနဲ့ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်တွေကို မြန်မာစာပြောင်းတပ်ခိုင်းဖို့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က တောင်ကြီးမြို့ရှိ သက်ဆိုင်ရာဌာနတွေဟာ လိုက်လံပြောကြားထားတာပဲ ဖြစ်ပါတယ်။
တောင်ကြီးမြို့ရှိ စျေးဆိုင်၊ ဖုန်းဆိုင်၊ င်္အကျီဆိုင်၊ စားသောက်ဆိုင်တွေအပြင် အင်္ဂလိပ်စာနဲ့ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်တွေ မြန်မာစာနဲ့ ပြန်လည်တပ်ဆင်ခိုင်းခဲ့တာပါ။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။