အင်းငယ်၊ ဇွန်လ ၁၃ ရက်၊ ညောင်ရွှေ
ရှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုကြောင့် စပါးခင်း ဧကထောင်ချီ ရေမြှုပ်ပျက်စီးနေတယ်လို့ ဒေသတွင်း တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတည်းက မိုးရက်ဆက် ရွာသွန်းမှုကြောင့် ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းအထိ လယ်ကွင်းရှိ ရေမြောင်းတွေမှာ ဗေဒါပင်များ၊ ကိုင်းကျွန်းမျှောများ ပိတ်ဆို့နေပြီး စပါးခင်းတွေ ရေမြှုပ်ပျက်စီးနေတယ်လို့ ဆိုပါတယ်။
စံကားကျေးရွာအုပ်စုရှိ တောင်သူတစ်ဦးက “ဒီနှစ်လည်း မြှုပ်ပြန်ပြီ။ စပါးရိတ်ချိန်မှ အကုန်မြှုပ်ကုန်တော့ ထည့်ထားတဲ့အရင်းတွေ အကုန်ပါပြီ။ ရွာလမ်းလည်း မြှုပ်ကုန်ပြီ။ မနှစ်ကလောက် မဆိုးဖို့ဘဲ ဆုတောင်းရမယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ညောင်ရွှေမြို့နယ် စံကားကျေးရွာအုပ်စုနဲ့ ရွာသာကျေးရွာအုပ်စုအပါအဝင် မြို့အနီးတစ်ဝိုက်က လယ်ကွင်းအားလုံးနီးပါးဟာ ရေမြှုပ်ဆုံးရှုံးနေပြီး မြို့နယ် ဆည်မြောင်းဦးစီးဌာနက ဗေဒါပင်တွေ ရှင်းလေးပေးမှု မရှိတာကြောင့် ရေထပ်တက်လာနိုင်တယ်လို့လည်း တောင်သူတွေက ခန့်မှန်းနေကြပါတယ်။
“ညောင်ရွှေတစ်ဝိုက်တင် ဧက ၆၀၀ နီးပါး ရှိပါတယ်။ အင်းအလယ်ပိုင်း၊ တောင်ပိုင်းရွာတွေ ထည့်တွက်ရင် ဘယ်ကမတုန်း။ ဆည်မြောင်းကို ကွင်းဆင်းပေးဖို့ ပြောထားတာ။ ခုထိ အင်းအဲ မလုပ်သေးဘူး” လို့ ရေဦးကျေးရွာရှိ တောင်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်က မိုးရွာသွန်းမှုတွေကြောင့် တောင်ကြီးမြို့က စီးကျလာတဲ့ ရေတွေဟာ ရွှေညောင်၊ အေးသာယာနဲ့ ညောင်ရွှေမြို့တို့မှာ ရေကြီးရေလျှံမှုတွေ ကြုံနေရပြီး ညောင်ရွှေမြို့အဝင် ပတ်ပတ်လည်မှာလည်း ကားလမ်းတွေ ရေကျော်နေတာကြောင့် လတ်တလော သွားလာခြင်း မပြုကြဖို့ ဒေသတွင်း လူမှုကယ်ဆယ်ရေး အသင်းဝင်တွေကလည်း သတိပေးထားပါတယ်။
အလားတူ ၄ ရက်အတွင်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင်ဟာလည်း တစ်ပေနီးပါးခန့် မြင့်တက်လာပြီး မြေပဲ၊ ဖရုံ၊ ငရုတ်သီး စိုက်ခင်းတွေလည်း ရေမြှုပ်ပျက်စီးနေကြတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ညောင်ရွှေမြို့နယ်မှာ ပြီးခဲ့တဲ့ နှစ်ကထက် ရေကြီးရေလျှံဖြစ်မယ်လို့ မိုးလေဝသက ခန့်မှန်းထားတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေပြီး နေရပ်ပြောင်းရွှေ့တာ၊ ရေကြီးမှုအတွက် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နေကြပြီလို့ စုံစမ်းသိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။