ရဲမာန်၊ ဇွန်လ ၁၇ ရက်၊ ဒီးမော့ဆို
ကရင်နီပြည်နယ် ဒီးမော့ဆိုမှာ စက်သုံးဆီတွေဖြစ်တဲ့ ဓာတ်ဆီနဲ့ဒီဇယ် တစ်ပတ်ခန့်လောက် ပြတ်လပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမှာ စက်သုံးဆီ တစ်လီတာကို ၈ ထောင်ကျပ် နဲ့ ၁ သောင်းကျပ်ကြား စျေးပေါက်နေပြီး ကရင်နီပြည်နယ် အားလုံးနီးပါး စက်သုံးဆီတွေ ပြတ်လပ်နေတာလို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
“လုံးဝပြတ်တာမျိုးမဟုတ်ဘူး။အရင်က ဆီ ၁၀ စီးတင်နိုင်ရင် အခုက ၁ စီးပဲတင်နိုင်တော့တာမျိုးပေါ့။ဆီစီးဆင်းမှုလမ်းကြောင်းက နည်းတော့ ဆီစျေးလည်း အဆမတန် ထိုးတက်သွားတာပါ”လို့ ၎င်းက ပြောပါတယ်။
အရင်တုန်းကဆို တောင်ကြီး၊ တောင်ငူ နဲ့ လွိုင်ကော် လမ်းကြောင်းသုံးခုကနေ တစ်လမ်းမဟုတ် တစ်လမ်း၀င်ပြီး အခုတော့ စစ်ပွဲတွေကြောင့် ပိတ်ထားနေရတယ်လို့ ၎င်းက ပြောပါတယ်။
“အနည်းအကျဉ်းဘဲ တချို့ဆိုင်တွေ ရောင်းနိုင်တော့တယ်။ တချို့ဆိုင်ကြီးတွေတောင်မှ ပြတ်သွားတဲ့ အခြေနေဖြစ်နေပြီ”လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ရှောင်နေရတာကြောင့် ၀င်ငွေလည်းမရှိတဲ့အပြင် ဆီဈေး နဲ့ ကုန်ဈေးနူန်းတွေကလည်း တက်လာတာကြောင့် ဒေသခံတွေအတွက် ပိုပြီးခက်ခဲ လာရတယ်လို့ ၎င်းက ပြောပါတယ်။
စက်သုံးဆီဟာ လုံး၀ပြတ်သွားတာမျိုးမဟုတ်ဘဲ နယ်စပ်ဒေသမှ အနည်းအကျဉ်း ၀င်လာတာမျိုးရှိပြီး အရင်က ပြတ်လပ်တာမျိုး မကြုံခဲ့ဖူးကြောင်း ၎င်းက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။