ပို့လဘား၊ ဇွန်လ ၁၂ ရက်၊ ညောင်ရွှေ
ရှမ်းတောင် ညောင်ရွှေမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ညောင်ရွှေမြို့ပေါ်က ရပ်ကွက်တချို့ ဒီနေ့ ဇွန်လ ၁၂ ရက် မနက်ပိုင်းမှာ ရေစတက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ရွှေမြို့မှာရှိတဲ့ မင်္ဂလာဈေးက ဆိုင်ခန်းထဲကိုလည်း ရေစတင်ဝင်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့် ဈေးဆိုင်ပိုင်ရှင်တွေက ပစ္စည်းရွှေ့ပြောင်းနေရတယ်လို့ ညောင်ရွှေဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မိုးဆက်တိုက်ရွာနေတော့ ရေကြီးလာတာပဲ။ အခုချိန်ထိ ရေကြီးနေတာ။ ကျလာတာမရှိဘူး။ ဈေးမှာဆိုရင်လည်း ဈေးရောင်းလို့မရဘူး။တောင်ကျရေများလို့လေ မနှစ်ကလို ထပ်ဖြစ်မှာပဲစိုးရိမ်ရတယ်” လို့ ပြောပါတယ်။
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ညောင်ရွှေမြို့ကနေ စီးဆင်းလာတဲ့ တောင်ကျရေကြောင့် အင်းလေးဒေသမှာရှိတဲ့ စပါးခင်းတွေလည်း ရိတ်သိမ်းလို့မရသေးပေမယ့် မရိတ်လို့ မရတော့တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ပတ်ဝန်းကျင်က လယ်ကွက်တွေဆို မရိတ်လို့မရတော့ဘူး။ အဲအခြေနေရောက်နေပြီ။ အကုန်ရိတ်ရတော့မယ်။ စပါးကမမှည့်သေးဘူး။ ရှုံးမှာကြောက်လို့ စပါးတွေရိတ်ရတော့မယ်။ ရှိသမျှတောင်ကျတဲ့ရေတွေက အင်းလေးမှာလာစုတော့ ရေက ၆ လက်မထိတောင်တက်နေတယ်”လို့ ဆိုပါတယ်။
အလားတူ တောင်ကြီးမြို့ အနိမ့်ပိုင်းရပ်ကွက်ဖြစ်တဲ့ ရပ်ကွက်တစ်ချို့တွေမှာလည်း မိုးဆက်တိုက်ရွာသွန်းပြီး ရေချောင်းလျှံထွက်မှုကြောင့် ရေကြီးရေလျှံနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလအတွင်း ရှမ်းတောင် တောင်ကြီး၊ အင်းလေး၊ ကလော၊ အောင်ပန်း၊ ညောင်ရွှေ မြို့တွေမှာ ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှု ခံစားခဲ့ရပြီး နေအိမ် ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုတွေ ဖြစ်တဲ့အထိ ကြုံခဲ့ရဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။