လွေးထွေး၊ ဇွန်လ ၁၇ ရက်၊ မိုးဗြဲ
ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် မြေပြင်တော်လှန်ရေးတပ်နဲ့ တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေပြီး ဒေသခံတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေသလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့လို့ ပျက်စီးခဲ့ရကြောင်း မြေပြင်အခြေအနေ သိရှိသူ သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာကြောင့် မိုးဗြဲမြို့အနီးမှာ မနေ့ ဇွန်လ ၁၆ ရက် ညနေအထိ မြေပြင်တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေသလို မိုးဗြဲမြို့ရဲ့ အနောက်ဘက်ခြမ်းကိုလည်း တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။
မြေပြင်အခြေအနေ သိရှိသူတစ်ဦးက “တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ စကစ ကလည်း စစ်ကြောင်းတွေ ခွဲပြီးကို ထိုးစစ်ဆင်နေတယ်။ လေကြောင်း တိုက်ခိုက်တာကတော့ ဒီတလောငြိမ်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တာမရှိတဲ့ ဒေသဘက်က စစ်ရှောင်တွေရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးတာနဲ့ မိုးဗြဲအနောက်ဘက်ခြမ်းကို လက်နက်ကြီး ပစ်တာတွေ ပြုလုပ်နေကြောင်း သူကဆိုပါတယ်။
အလားတူ ဇွန်လ ၁၄ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မိုးဗြဲအနောက်ဘက်ခြမ်းက ဒေသခံလူထု ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေ ပြောပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
၂၀၂၃ ခုနှစ် နိုဝင်ဘာလကစခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့ စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ပထမလမှာ မိုးဗြဲကို ပြန်ရဖို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်တာဟာ အခု ဇွန်လအထိပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားလူထုတွေရဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လူထုတွေအနေနဲ့ အရေးကြီးကိစ္စရှိမှသာ မိုးဗြဲမြို့အတွင်း ဖြတ်သန်းသွားလာကြဖို့ကို မိုးဗြဲ PDF က သတိပေး ပြောဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။