အိုက်ပွီး၊ ဇွန်လ ၇ ရက်၊ ဟားခါး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မတ်လကတည်းက လျှပ်စစ်မီး ပြတ်တောက်တာကြောင့် ဖုန်းနဲ့ ပါဝါဘဏ်တွေကို အခကြေးငွေပေးပြီး အားသွင်းနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖုန်းနဲ့ ပါဝါဘဏ်တွေကို မီးစက်နိုးတဲ့သူတွေဆီမှာ အားသွင်းရတာဖြစ်ပြီး အခုလို အခကြေးငွေပေးပြီး အားသွင်းတာဟာ နှစ်လနီးပါးကြာရှိပြီဖြစ်တယ်လို့ သိရပါတယ်။
“ဟားခါးမှာ လျှပ်စစ်မီးမရတာ အတော်ကြာပြီ။ မီးမရတော့ ဖုန်းအားသွင်းဖို့ အရမ်းခက်ခဲတယ်။ ဆိုလာပြား၊ ဘက်ထရီရှိပေမယ့် ရာသီဥတုမကောင်းရင် ဖုန်းအားသွင်းလို့ အဆင်မပြေဘူး။ ဒါကြောင့် မီးစက်နိုးတဲ့သူဆီ အားသွင်းနေရတယ်။ ဖုန်းအားမရှိရင် ဆက်သွယ်ရေးအတွက် အဆင်မပြေဘူး။ ဒါကြောင့် ဆက်သွယ်ရေးအတွက် ဖုန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြတဲ့သဘောပါ။”လို့ ဟားခါးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဟားခါးမြို့မှာ ဖုန်းတစ်လုံး တစ်ကြိမ် အားသွင်းခ ၁၀၀၀ ကျပ်နှုန်းနဲ့ ပါဝါဘဏ် အကြီး၊ အသေး အရွယ်အစားလိုက်ပေါ် မူတည်ပြီး တစ်ကြိမ် အားသွင်းခ ၁,၅၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အထိ ပေးဆောင်နေကြရတယ်လို့ သိရပါတယ်။
“အားသွင်းခက တစ်နေရာနဲ့တစ်နေရာ မတူကြဘူး။ တချို့နေရာတွေ ပါဝါဘဏ် တစ်လုံး ၁,၅၀၀ ကျပ်ရှိတယ်။ တချို့နေရာကျတော့ ၅,၀၀၀ ထိ ပေးရတယ်။ ဖုန်းကတော့ တစ်လုံး ၁,၀၀၀ ကျပ်ပါတယ်။ ဟားခါးမြို့ခံတွေ အားလုံး အခငွေကြေးပေးပြီး ဖုန်းအားသွင်းနေရပါတယ်။ ဒီအတိုင်းဆို ကြာလာရင် ဘာဖြစ်မလဲ မသိတော့ဘူး။”လို့ ဟားခါးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖုန်းနဲ့ ပါဝါဘဏ် အခငွေကြေးပေးပြီး အားသွင်းနေရတာဟာ နေ့စဥ်ပုံမှန်ဝင်ငွေ မရှိသူတွေအတွက် အပိုငွေ ကုန်ကျမှု တိုးလာပြီး အခက်တွေ့နေကြရပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးပြတ်တောက်တဲ့အတွက် ဟားခါးမြို့ခံတွေဟာ ထမင်း၊ ဟင်း ချက်ပြုတ်ရာမှာ မီးသွေးကို အသုံးပြုနေကြရသလို သောက်သုံးရေအတွက် ရေတင်စက် အချိန်ပိုင်း ငှားရမ်းပြီး ရေတင်နေကြရတယ်လို့ သိရပါတယ်။
ဟားခါးမြို့ဟာ လွန်ခဲ့တဲ့ ၃ လကျော်က ချင်းပြည်နယ်ရဲ့ လျှပ်စစ်မီးရရှိတဲ့ တစ်ခုတည်းသော မြို့ဖြစ်ပြီး ကျန်တဲ့ တီးတိန်နဲ့ ထန်တလန်မြို့တွေဟာ စစ်ကောင်စီထိန်းချုပ်တဲ့မြို့ဖြစ်ပေမယ့် လျှပ်စစ်မီးပုံမှန်မရရှိတာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ပလက်ဝ၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ် စတဲ့မြို့တွေမှာလည်း လျှပ်စစ်မီး မရရှိနိုင်သေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။