ရဲမာန်၊ ဇွန်လ ၃၀ ရက်၊ ဟင်္သာဝဲ
ကရင်ပြည်နယ် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ် ဟင်္သာဝဲကျေးရွာကို စစ်ကောင်စီမှ လေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ဒီနေ့ ဇွန် ၃၀ မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် နေ့လည် ၁ နာရီခွဲ၀န်းကျင်မှာ စစ်ကောင်စီမှ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦးအပါအ၀င် အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉ လုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကတော့ အသက် ၂ နှစ်အရွယ် စောဒီထူး၊ အသက် ၁၂နှစ်အရွယ် ဝါဆိုဦး၊ အသက် ၂ နှစ်အရွယ် နော်လှအယ်ဖော၊ အသက် ၂၂ နှစ်အရွယ် ကိုချစ်တုံးနဲ့ အသက် ၃၆ နှစ်အရွယ် နော်ဒေါင်းရွှေတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် မူးမြို့နယ် ကညင်တဲကျေးရွာ၊ ခြောက်အိမ်စုကျေးရွာနဲ့ လင်းရောင်ခင်ကျေးရွာကို မူးမြို့နယ်ရှိ ကညွတ်ကွင်း အခြေစိုက်စခန်း ခမရ-၄၃၉ တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား၂ ဦးသေဆုံးခဲ့တယ်လို့ KNUက ထုတ်ပြန်ထားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ မတ်လ ၆ ရက် ၂နာရီ၀န်းကျင်မှာ မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းက ကျောက်ကြီးပေါက်ကျေးရွာနဲ့ မကျည်းတောကျေးရွာကို စစ်ကောင်စီမှ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၈ လုံးလည်း ပျက်စီးခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။