မြတ်နိုး၊ ဇူလိုက် ၃၊ ဖားကန့်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းမှာ မနေ့ ဇူလိုက်လ ၂ ရက်နေ့ ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်လာလို့ ကျောက်ဝိုင်းက လူတွေ ဖရိုဖရဲ ဖြစ်သွားခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“သေနတ် ပစ်ခတ်သံတွေ ဆူညံနေလို့ ကျောက်ဝိုင်းက လူတွေ အကုန် ပြန်ကုန်ကြတယ်။ ဒီဘက်က ကျောက်ဝိုင်းက ည ပဲရှိတာလေ။ ည ၆ နာရီကျော် ၇ နာရီ ကနေ ည ၈ နာရီ ခွဲလောက်ထိ ရှိတယ်။ မနေ့ညက ပစ်ခတ်သံတွေကြောင့် အကုန်ဖရိုဖရဲ လူတွေ ပြန်ကုန်တာ။” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
မနေ့ ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်အထိ ပစ်ခတ်သံတွေကြားနေရပြီး အဲဒီ နောက်ပိုင်းတော့ ပစ်ခတ်သံတွေငြိမ်သွားခဲ့ကာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းအထိ ငြိမ်သက်နေတယ်လို့ သူက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း အမှိုက်ပုံဘက် လက်နက်ကြီးကျလို့ ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိကြောင်း သိရှိရတယ်ဆိုပေမယ့် အတည်မပြုနိုင်သေးပါဘူး။
“လုံးခင်းမှာလည်း ပစ်ခတ်သံကြားတယ်။ မှော်ဆီဇာ ဘက်မှာလည်း ပစ်ခတ်သံ ကြားတယ်။ အမှိုက်ပုံ ဘက်လည်း ပစ်ခတ်သံကြားတယ်။ သုံးနေရာမှာ ပစ်ခတ်သံကြားနေတာ။ မနေ့က ဖားကန့် ဗျူဟာမှူး ပြောင်းပြီလေ။ လက်စွမ်း လာပြတာ နေမှာပေါ့။” နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသမှာ စစ်ကောင်စီတွေ မေလကုန်ပိုင်းကစ စစ်ကြောင်းထိုး အင်အားဖြည့်လာပြီးနောက် အခု ဇူလိုင်လဆန်းပိုင်းအထိ တစ်လကျော် အတွင်း နေ့တိုင်းနီးပါး အရပ်သားတွေ မကြာခဏသေဆုံးနေရပြီး လက်နက်ကြီး ကျရောက်ထိမှန်မှုတွေနဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။