လွေးထွေး၊ ဇွန်လ ၂၆ ရက်၊ နမ့်ဆန်
တအာင်းဒေသ နမ့်ဆန်မြို့ ဇယန်းကြီးရပ်ကွက် (၈) ဟိုချောင်းသွားတဲ့ ကားလမ်းမှာ မြေပြိုလို့ သားအဖ နှစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အိမ်နီးနားချင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဇွန်လ ၂၆ ရက် မနက် ၃ နာရီဝန်းကျင်မှာ ကားလမ်းဘေးရှိ နေအိမ်တစ်ခုအပေါ်ကို မြေပြိုပိတာကြောင့် နေအိမ်ထဲ အိပ်နေတဲ့ ကိုညွှန့်ဝင်းနဲ့ ၂ နှစ်အရွယ် ကလေးငယ်တို့ သေဆုံးသွားခဲ့ပါတယ်။
ရပ်ကွက်နေ အမျိုးသားက “ဒီတလော နမ့်ဆန်မှာ မိုးတွေ ဆက်တိုက်ရွာနေတာ။ အိမ်တွေကလည်း ကမ်းပါးမှာဘဲဆိုတော့လေ။ အိမ်ကလည်း တဲအိမ်လေးဆိုတော့ ပိုအထိနာသလို ဖြစ်သွားတယ်” လို့ ပြောပါတယ်။
မိုးဆက်တိုက်ရွာနေတာကြောင့် နမ့်ဆန်မြို့က လူထုတွေအနေနဲ့ လျှိုမြောင်းနဲ့ မြေနိမ့်ပိုင်းတွေမှာ မနေထိုင်ကြဖို့နဲ့ မြေပျော့တဲ့ ကမ်းပါးဘေးမှာ ကပ်နေဖို့ မသင့်ဘူးလို့လည်း ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်ကလည်း နမ့်ဆန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့် နေရာတချို့မှာ မြေပြိုမှု ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ကလည်း မိုးအဆက်မပြတ်ရွာတာကြောင့် မြေပြိုလို့ နမ့်ခမ်းမြို့ ပန်ဆေးအုပ်စု ဝါလုရွာက ကလေးတစ်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို မန်ကန်ရွာက ကလေးတစ်ဦးလည်း မြေပိ သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။