ရွှေဖီမြေ၊ ဧပြီ ၂၃ ရက်
တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့- TSYU က လူငယ်ခေါင်းဆောင်မှု သင်တန်းကျောင်း အပတ်စဉ်(၁)အတွက် သင်တန်းသူသင်တန်းသား ၂၀ ဦး ခေါ်ယူနေပါတယ်။
လာမယ့် ၂ဝ၂၅ ဇွန်လ ၁၀ ရက်ကနေ ၂၀၂၆ မတ်လ ၁၀ ရက်အထိ လူငယ်ခေါင်းဆောင်မှု သင်တန်းကျောင်းကို ၉ လကြာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လိုတဲ့ လူငယ်နဲ့ လူထုအကျိုးပြုလုပ်ငန်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်းကို ဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ တအာင်းလူငယ်အတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တာ ဖြစ်တဲ့အတွက် တက်ကြွပြီး စိတ်ဝင်စားတဲ့ တအာင်းလူငယ်အားလုံး လျှောက်ထားကြဖို့ တိုက်တွန်းထားပါတယ်။
စစ်အာဏာ မသိမ်းခင်အထိ TSYU အနေနဲ့ ၇ လကြာ သင်တန်းကျောင်းကို အပတ်စဉ်(၉)အထိ ဖွင့်လှစ်ခဲ့ပြီး အခုလို ၉ လကြာ(အပတ်စဉ် ၁) ဖွင့်လှစ်တဲ့ သင်တန်းကျောင်းကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
TSYU ဟာ ပညာရေး၊ စည်းရုံးရေးနဲ့ စွမ်းရည်မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်ရေး၊ သတင်းနဲ့မှတ်တမ်း၊ လူသားချင်း စာနာထောက်ထားမှုနဲ့ ပံ့ပိုးမှုလုပ်ငန်းကို တအာင်းဒေသအပြင် ရှမ်းမြောက်နဲ့ ရှမ်းတောင်ရှိ မြို့နယ် ၁၆ မြို့နယ်မှာ အဓိက လုပ်ဆောင်နေပါတယ်။
TSYU အဖွဲ့အစည်းကို လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ဖွဲ့စည်းတည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။