မြတ်နိုး၊ ဇွန် ၁၇ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွါးနေပြီး မှော်ဝမ်းလေးမှာ ဒေသခံ တချို့ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့မှာတော့ မှော်ဆီစာဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်။ လုံးခင်းကနေတောင် အတော် ကြားနေရတယ်။ မှော်ဆီစာ နဲ့ ကုဋေမှော် ဝင်လာတဲ့ ရွာနား ပစ်နေကြတာ။ လက်နက်ကြီးသံတွေရော ကြားနေရတယ်။ မှော်ဝမ်းလေးက တချို့က မထွက်လာနိုင်သေးတဲ့ သူတွေ ရှိနေသေးတယ်လို့ ပြောတယ်။” လို့ ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။
မှော်ဝမ်းလေး၊ မှော်ဝမ်းကြီးမှာ ဒေသခံတွေ အကုန် တိုက်ပွဲ ရှောင်နေရပြီဖြစ်ပြီး ဒေသခံ ပြည်သူတွေ မရှိသလောက် ဖြစ်သွားပြီလို့ သူက ပြောပါတယ်။
“ဒေသခံ ပြည်သူတွေ အကုန်လုံး ရှောင်ပြေးသွားပြီ။ ဒါပေမယ့် မှော်ဝမ်းလေးက ပစ္စည်းတွေ ကျန်ခဲ့လို့ ပြန်ယူကြတာ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုးသွားလို့ ဘယ်လိုမှ ထွက်လာလို့ မရတော့ အဲဒီမှာပဲ ဆက်နေနေရတယ်။” လို့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မှော်ဝမ်းဘက် လက်နက်ကြီးတွေ ပစ်နေတာတွေရှိနေပြီး လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အနည်းကျဉ်းထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပေမယ့် တခြား ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိဘူးလို့ သူက ပြောပါတယ်။
မှော်ဝမ်းမှာ မနေ့ ဇွန်လ ၁၆ ရက်နေ့ မနက် ၇ နာရီလောက်ကတည်းက စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ပြည့်နှက်နေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဖားကန့်ဒေသမှာ နေ့တိုင်းနီးပါး သေနတ်နဲ့ ပစ်ခတ်ခံရသူတွေ ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မနက် ယူမာ – ဆိုင်းတောင်လမ်း ရွှေမြန်မာ တံတားပေါ်မှာ လူတစ်ယောက် ပစ်သတ်ခံထားရတဲ့ အလောင်းတစ်လောင်း ထပ်တွေ့ထားတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မနေ့ ဇွန်လ ၁၆ ရက်နေ့ကလည်း လုံးခင်းတဝိုက် လူ ၃ ဦး သေနတ်နဲ့ ပစ်ခတ်ခံထားရတာ တွေ့ရပြီး ဥရုချောင်းထဲမှာလည်း ဦးခေါင်း သေနတ်ဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့ ပုတ်ပွနေတဲ့ အလောင်းတစ်လောင်း မျောပါလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ လကုန်ပိုင်းက ကာမိုင်းဘက်က စစ်ကောင်စီ စစ်ကြောင်း ဖားကန့်ဒေသထဲ ဝင်ရောက်လာပြီးနောက် ကျောက်စိမ်းလုပ်ကွက် ဂိုဒေါင် တချို့ မီးရှို့ ဖျက်ဆီးတာတွေ၊ လူတချို့ နှိပ်စက် သတ်ဖြတ်ခံရတာတွေ ရှိနေပြီး ထိတွေ့ တိုက်ပွဲလည်း ဆက်တိုက် ဖြစ်လာတာတွေ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။