ခိုင်လေး၊ ဇွန်လ ၁၃ ရက်၊ ငဖဲ
မကွေးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ချင်းကာကွယ်ရေးတပ်-အရှိုက အရှင်ဖမ်းဆီးရမိထားတယ်လို့ CDF-Asho က ဒီနေ့ ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဇွန်လ ၈ ရက်ကနေ ၁၂ ရက်အထိ CDF-Asho အနေနဲ့ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းအနီး မီတာ ၁,၅၀၀ ပတ်လည် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ရေး လုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကို ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဆိုပါတယ်။
”၂၃ ဦးထဲမှာ ၈ ယောက်ဘဲ လက်နက် ပါတယ်လို့ ပြောလို့ရပါတယ်။ အဲ ၈ ယောက်ထဲမှာ ပါတယ်ဆိုတာလဲ လက်နက်ကိုင်ပြီးတော့ အေးအေးဆေးဆေးကြီး မိတဲ့သူလည်းရှိသလို အေးဆေး မမိတဲ့သူလည်း ရှိတယ်။ ပုံစံမျိုးစုံတော့ ရှိပါတယ်။ အကုန်လုံးက သေနတ်ပါတာမျိုးတော့ မဟုတ်ပါဘူး။ တချို့ကလည်း သေနတ်တွေကို စွန့်ပစ်ပြီး ထွက်ပြေးတာရှိသလို တချို့ကလည်း သေနတ်တွေကို ဝှက်ထားပြီး ထွက်ပြေးလာတာလည်း ရှိပါတယ်” လို့ ချင်းကာကွယ်ရေးတပ်-အရှိုမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ရိုးချင်းက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ပြစ်ဒဏ်ပေးတာ ဒဏ်ခတ်တာတွေ မပြုလုပ်ဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်း ၂၃ ဦးနဲ့အတူ MA-1 ၅ လက်၊ MA-3 ၃ လက်အပြင် လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ စစ်မှု မထမ်းမနေရ ဥပဒေကြောင့် ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့သူတွေ ဖြစ်ပါတယ်။
စစ်တပ်က နတ်ရေကန်ဘက် စစ်ကူ ပို့တာ၊ ခြေလျင်စစ်ကြောင်း ပို့တာအပြင် စားနပ်ရိက္ခာ ပို့တာတွေဆို CDF-Asho တပ်က ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်လေ့ ရှိပါတယ်။
#ဓာတ်ပုံ– CDF Asho
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။