ရွှေဖီမြေ၊ ဇွန်လ ၂၁ ရက်
ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်- BPLA ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းပွဲ အခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ကျင်းပခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသွားတဲ့ ရဲဘော် အောင်ပိုင်ရဲ့ ညီမဖြစ်သူက လက်ဖြောင့်ဆု ရရှိခဲ့တယ်လို့ BPLA က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က သင်တန်းဆင်းပွဲ ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားမှာ သင်တန်းကာလအတွင်း ထူးချွန်သူတွေကို ဆုအမျိုးမျိုး ပေးအပ်ပြီး သင်တန်းဆင်း ရဲဘော်တွေကိုလည်း လက်နက် တပ်ဆင်ခဲ့ပြီးတော့ အမှတ် ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုလည်း တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲသို့ NUG ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC ဒုဥက္ကဌ ခွန်းဘီထူး၊ AA ရဲ့ တပ်မှူးတစ်ဦး ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA စစ်ဦးစီးချုပ်နဲ့ အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ABSDF ဒုဥက္ကဌနဲ့ BPLA ကွပ်ကဲရေးမှူးတို့ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မဟာမိတ်ခေါင်းဆောင်တွေက တော်လှန်ရေး အောင်မြင်ဖို့ မတူညီတဲ့ အင်အားစုတွေအကြား ညီညွတ်ရေး လိုအပ်ကြောင်းနဲ့ မိမိတို့ ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန် အဆုံးသတ်မှာဖြစ်ကြောင်း အဓိကထား ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။