အိုက်ပွီး၊ ဇွန်လ ၂၈ ရက်၊ တီးတိန်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်း ကားလမ်းပေါ်က မွှာလ်ပီရွာမှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီက ကလေး-သိုင်းငင်း ကားလမ်းပေါ်မှာရှိတဲ့ စစ်ကြောင်းကို ပြီးခဲ့တဲ့ အပတ်တွေက တပ်အင်အားဖြည့်တင်းထားပြီး အခုရက်ပိုင်း ပြန်လည်စစ်ကြောင်း ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်။
“တိုက်ပွဲကဖြစ်တာ ၄ရက်လောက် ရှိပါပြီ။ ကျနော်တို့ဘက် ရဲဘော်တချို့ ထိခိုက် ကျဆုံးတာတွေ ရှိတယ်။ စစ်ကောင်စီဘက်ကလည်း အထိနာများပြီး တပ်ဆုတ်တာတွေ ရှိတယ်။ တပ်ဆုတ်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကျနော်တို့ဘက်က ထိုးစစ်ပြန်ဆင်လာတော့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်” လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ MA 3 သေနတ်၊ စနှိုက်ဘာ၊ လက်ပစ်ဗုံး၊ ကျည်မျိုးစုံ၊ ကျည်ပေါက်၊ မိုင်းမျိုးစုံ၊ အီနာဂါဗုံးသီးတို့ ဖြစ်ပါတယ်။
လေးရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အထိနာများတဲ့ စစ်ကောင်စီတပ်ဟာ ကလေးမြို့၊ အမြောက်တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးတဝိုက်ကို လက်နက်ကြီးကျည်တွေ မရပ်မနား ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်ကတည်းကနေ ကလေးမြို့ကနေ လက်နက်ကြီးကျည်တွေ တရပ်စဲ တောက်လျှောက် ပစ်ကူပေးနေပါတယ်။ အထိနာများပြီး တပ်ဆုတ်ရာ လမ်းတစ်လျောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုင်းတွေ ထောင်ထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီစစ်ကြောင်းက ကလေးမြို့ဘက် လုံးဝ ဆုတ်သွားတာမဟုတ်ဘဲ ကလေး-သိုင်းငင်း ကားလမ်းပေါ်မှာ ရှိနေသေးတယ်”လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းလဲန်းကောင်စီ (CC) အဖွဲ့ဝင်တွေအပြင် ချင်းညီနောင် (CB) အဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း ဇွန်လ ၂၆ ရက်နေ့က ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ဝင် Salai Ha Kalay နဲ့ ဇွန်လ ၂၇ ရက်နေ့ CDF-CDM-Siyin တပ်ဖွဲ့ဝင် Khaikhai တို့ ကျဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။