မြတ်နိုး၊ ဇွန်လ ၁၅ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းမှာ မနေ့ ဇွန်လ ၁၄ ရက် ညနေပိုင်းက ဒေသခံတစ်ဦး ထပ်မံ ပစ်ခံရပြီး ၃ ရက်အတွင်း လုံးခင်းအုပ်စုမှာ လူ ၈ ဦးခန့် ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လုံးခင်း ကောင်း ထမင်းဆိုင် လမ်းကြားမှာ လူတစ်ယောက် သေနတ်နဲ့ ပစ်ခံထားရတယ်။ ဘယ်သူက ပစ်တာလဲတော့ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ လုံးခင်း ရပ်ကွက် ၂ ရှိ လမ်းမပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး မသေဆုံးဘဲ လက်ရှိ အရေးပေါ် ဆေးကုသမှု ခံယူရမယ့်ဒဏ်ရာ ရထားတယ်လို့ သူက ပြောပါတယ်။
အမှိုက်ပုံနဲ့ ဆွတ်ဘွမ်ကြားမှာလည်း ညနေ ၄ နာရီဝန်းကျင်က လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံ ကြားရပြီး လုံးခင်း နေမင်းကမ္ဘာဆိုဒ်ဘက်မှာလည်း ညနေ ၅ နာရီကျော်က ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက် ညနေပိုင်းက မှော်ဆီစာတောင်ယာကုန်းမှာ အရပ်သား ၄ ဦး ပစ်သတ်ခံရပြီး ရေတွင်းထဲ အလောင်း ပစ်ချထားတာကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်း လှုပ်ရှားလို့ သတ်ဖြတ်ခံရသူ သုံးယောက်ထဲက တစ်ယောက်က ဖားကန့်ကျောက်ဝိုင်းထဲက ကျောက်အပွင့်သွေးသူ ကိုစိန်ထွန်းဆိုသူဖြစ်တယ်။ သူက မျက်လုံး ဖောက်ထုတ်ခံထားရတယ်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မှော်စီစာ အောင်သာယာ၊ တောင်ယာကုန်းဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန်လ ၁၃ ရက် ညနေ ၄ နာရီခန့်က မှော်ဝမ်းလေးနဲ့ အမှိုက်ပုံလမ်းအတိုင်း လှုပ်ရှားသွားခဲ့ပြီး ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း မှော်ဆီစာ ဘုရားအနီး၊ တောင်ယာကုန်း၊ လုံးခင်း သုသာန်အနီး စတဲ့နေရာတွေမှာ ဒေသခံ စုစုပေါင်း ၈ ဦးခန့် ပစ်သတ်ခံရပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။