အိုက်ပွီး၊ ဒီဇင်ဘာ ၂၃ ရက်၊ တီးတိန်
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်က Non CDM ဝန်ထမ်းတွေအားလုံး လာမယ့် ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးကြဖို့ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတယ်လို့ Non CDM ကျန်းမာရေးဝန်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
“အခုညွှန်ကြားစာ ရောက်တာက ဝန်ထမ်းတွေကအားလုံး မဖြစ်မနေ မဲပေးကြဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ အဲစာထဲမှာ ပြည်သူတွေတော့ မပါဘူးနော်။”လို့ Non CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် မဲပေးတဲ့အခါ Non CDM ဝန်ထမ်းတွေအနေနဲ့ မိမိ မှတ်ပုံတင်မူရင်းတွေ၊ ဝန်ထမ်းကဒ်တွေ ယူဆောင်သွားဖို့နဲ့ မဲပေးဖို့ ပျက်ကွက်ပါက နောက်ဆက်တွဲ ပြသာနာတွေကို ကာယကံရှင်ကသာ ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
“ညွှန်ကြားစာထဲမှာမဲပေးဖို့ ပျက်ကွက်သူတွေကို အကာကွယ်ပေးမှာမဟုတ်ဘဲ ဥပဒေအရဖြစ်စေ၊ အုပ်ချုပ်ရေးအရဖြစ်စေ ကာယကံရှင်ကိုယ်တိုင် ဖြေရှင်းရမယ်လို့ ပါတယ်။”လို့ အထက်ပါ Non CDM ကျန်းမာရေးဝန်ထမ်းက ရွှေဖီမြေသို့ ပြောပါတယ်။
တီးတိန်မြို့ဟာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီ ဦးဆောင်တဲ့ ရွေးကောက်ပွဲ အပိုင်း (၁) ကိုကျင်းပသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
တီးတိန်မြို့မှာ ရွေးကောက်ပွဲနီးလာတာနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေက လူစည်းကားတဲ့နေရာတွေမှာ ပြည်သူတွေကို စတုဒီသာ ကျွေးမွေးတာ၊ မဲထည့်ဖို့ စည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။