ယာရူစိင်၊ ဇွန်လ ၂၆ ရက်၊ မိုးကုတ်
မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံ ၄ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၂၅ ရက် ည ၁၁ နာရီကျော် လူအိပ်မောကျချိန်မှာ မိုးကုတ်မြို့ အရှေ့ပိုင်း အုန်းကိုင်းရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ၂၅၀ဗုံးနဲ့ ကြဲချခဲ့တာပဲ ဖြစ်ပါတယ်။
“အုန်းကိုင်းကွက်သစ်ရဲ့ ဘုန်းကြီးကျောင်းအောက်နားကအိမ်ပေါ်ကျတာ။ ဘုန်းကြီးကျောင်း မျက်နှာကျက်လည်းအကုန် ပြိုကျတယ်။ ဆွမ်းစားဆောင်လည်း ထိသွားတယ်။ ပတ်ဝန်းကျင်ရှိ နေအိမ်တချို့လဲ ဗုံးအစထိတာတော့ ရှိတယ်”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၄ အိမ်ထိခိုက်ပျက်စီးသွားပြီး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကလည်း ရှမ်းမြောက် ကျောက်မဲမြို့ပေါ် ရပ်ကွက် ၇ နဲ့ ရပ်ကွက် ၃ ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ်ကြဲချခဲ့တာကြောင့် သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၁၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။