ခိုင်လေး၊ ဇွန်လ ၆ ရက်၊ မကွေး
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့နယ် ညောင်ကန်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
မေလ ၄ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်မှာ မိထ္ထီလာ ရှမ်းတဲလေတပ်ကနေ Mig-29 ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းက ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။
”ပြည်သူနေအိမ်နားကို ကျတာပါဗျ။ အိမ်ကတော့ တစ်အိမ်ပဲ ပျက်စီးတာပါ။ (၃) ယောက်သေဆုံး။ အသက် (၄၀) ၀န်းကျင် သက်လတ်ပိုင်း အမျိုးသား (၂) ဦး၊ အသက် (၃၀) အရွယ် အမျိုးသား (၁) ဦးပါဗျ။ (၆) ဦးဒဏ်ရာရပါတယ်ဗျ”
ပြီးခဲ့တဲ့ မေလ ၁ လ အတွင်း စစ်ကောင်စီတပ်က ဂန့်ဂေါခရိုင် (ယောဒေသ) ထဲက မြို့နယ် ၃ ခုဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော စတဲ့မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ထက်မနည်း သေဆုံးခဲ့ရပြီး ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ယောနယ်တစ်ဝိုက်ကို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လေ့ရှိတာကြောင့် မိဘပြည်သူတွေ အနေနဲ့ အစစအရာရာ အထူးဂရုစိုက်ကြဖို့နဲ့ လေကြောင်းဒဏ် ခံနိုင်မယ့် ကတုတ်ကျင်းတွေကို မဖြစ်မနေ ပြုလုပ်ထားကြဖို့ကို တော်လှန်ရေးမှ တာဝန်ရှိသူတွေက အသိပေး တိုက်တွန်းထားတာတွေ ရှိပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။