မိုင်းရူပ၊ ဇွန်လ ၂၉ ရက်၊ စဥ့်ကူး
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီ ၅၀ မိနစ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်ပန်လှကျေးရွာ ပြည့်စိုးအောင်ရပ်ကွက်ထဲကို ဂျက်လေယာဥ်နဲ့ ဗုံး ၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
“တံတားဦးတက် ဂျက်ဖိုက်တာနဲ့ လာကြဲတာဖြစ်ပါတယ်။ ၁ ကြိမ် ကြဲသွားတယ်။ ဘာတိုက်ပွဲမှ မရှိဘူး” လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးဟာ အပိုင်းအစတွေ ဖြစ်ကုန်ပြီး နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖက ဆိုပါတယ်။
လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေပြီး ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်မှာလည်း လက်ပန်လှကျေးရွာကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅ ဦးအထိ ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်းမှာလည်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ဒီနေ့ နေ့လည် ၂ နာရီခွဲဝန်းကျင်မှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်းနဲ့ တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။