လွေးလာဝ်ဇာရ်၊ ဇွန်လ ၁၁ ရက်၊ သီပေါ
တအာင်းတပ် TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက် သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက် မနက် ၉ နာရီမှာ အသက် ၅၀ အရွယ်ရှိတဲ့ ဒေါ်မြင့်အောင်ဆိုသူဟာ ခြံရှင်းရာကနေ မိုင်းနင်းမိသွားတယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“ပြီးခဲ့တဲ့ လကတည်းကဖြစ်တာ။ ဆေးရုံလာတက်တော့ သိရတာ။ ခြံရှင်းရင်းနဲ့လို့ ပြောတယ်။ သူရဲ့ ဘယ်ခြေထောက်က ပြတ်သွားတယ်” လို့ ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာကို TNLA ရဲ့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ နယ်စည်းမခြားပရဟိတအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီးတော့ အဲဒီအမျိုးသမီးကို ဆေးကုသဖို့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၂၉ ရက်ကလည်း နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး မီးသွေးကျင်းသွားကြည့်ချိန် ဟိုပေါ်အထက်ကျေးရွာအနီးမှာပဲ မိုင်းတစ်လုံး နင်းမိပြီးတော့ ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး ၂ အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၅ ဦးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီအထဲမှာ လက်ရှိ တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်မှာ မိုင်းနင်းမိသူ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။