ယာရူစိင်၊ ဇွန်လ ၁၆ ရက်၊ နမ့်ဆန်
ကိုးကန့်တပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ လောက်ကိုင်မြို့ဘက် အလုပ် သွားရောက် လုပ်ကိုင်နေတဲ့ တအာင်းဒေသ နမ့်ဆန်မြို့နယ် အထက်တောင်ကျော်ရွာက အမျိုးသမီးတစ်ဦးနဲ့ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အသက် ၁၉ နှစ်အရွယ် မလွင်လွင်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က လောက်ကိုင်ဘက် အလုပ်သွားရောက် လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က နောက်ဆုံး အဆက်အသွယ်ရတာဖြစ်ပြီး ဧပြီ ၂၆ ရက်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာလို့ မိသားစုဝင်က ပြောပါတယ်။
“သွားတာက သူ့အမျိုးသားနဲ့ သွားတာပါ။ သူပျောက်တာကို သူ့အမျိုးသားက ၂ ရက်လောက်ပဲ ရှာတာ။ ဆက်မရှာတော့ဘူးလေ။ အဲနောက် သူ့အမျိုးသားကလည်း ဖမ်းခံရတယ်လို့တော့ သတင်းထွက်နေတာ။ တကယ်ပဲ အဖမ်းခံရတာလားလဲ သေချာမသိရဘူး ဖြစ်နေတာ။ သူ့အမျိုးသားက မိသားစုဝင်တွေနဲ့လဲ အဆက်အသွယ် မလုပ်တော့ဘူး။ ဘာသတင်းမှလည်း မကြားရတော့ဘူး”
မလွင်လွင်အောင်နဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကနေ ဒီနေ့ ဇွန်လ ၁၆ ရက်အထိ ၂ လနီးပါးကြာအောင် အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ မိသားစုဝင်ဖြစ်သူက ဆက်ပြောပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အရှုပ်အထွေးကြောင့် မလွင်လွင်အောင်အတွက် စိတ်ပူနေရပြီး ၎င်းကို တွေ့ရှိသူတွေအနေနဲ့ မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။