လွေးဇွန်မိုး၊ ဇွန်လ ၂၃ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာမြို့နယ် မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ မေတ္တာနန္ဒ (ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ မီးဖွားခါနီး ကိုယ်ဝန်သည်တစ်ဦး သေဆုံးပြီး အရပ်သား ၁၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့ ဇွန်လ ၂၂ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး နှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲရွာကနေ ဆေးရုံသို့ မီးဖွားဖို့လာတဲ့ အသက် ၃၀ ခန့်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖရဲ့ သတင်းတာဝန်ခံက ပြောပါတယ်။
“စကစက ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တယ်။ ပြည်သူတွေကို ကြည့်တယ်လို့ နိုင်ငံတကာမှာ ပြသနေပေမဲ့ တကယ်တမ်းတော့ ကျနော်တို့ ပြည်သူတွေက လေကြောင်း တိုက်ခိုက်တာတွေ၊ စကစရဲ့ လက်နက်ကြီးဒဏ်တွေ၊ စကစရဲ့ ညင်းပန်းနှိပ်စက်မှုတွေ ခံနေရတယ်။ အခုလည်း လေကြောင်း လုံးဝ တိုက်ခိုက်ဖို့ မသင့်တော်တဲ့ နေရာတွေ တိုက်ခိုက်တယ်။ ဥပမာ ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်း အဲလိုနေရာတွေက လေကြောင်း တိုက်ခိုက်သင့်တဲ့နေရာတွေ မဟုတ်ဘူး။ ဒါပေမဲ့ လေကြောင်း တိုက်ခိုက်တယ်”
ဆက်လက်ပြီး ၎င်းက “အဲလိုအနေအထားတွေကို ကြည့်ချင်းအာဖြင့် စကစရဲ့ ရက်စက်ယုတ်မာမှုကို ကျနော်တို့တွေ မြင်တွေ့နိုင်တယ်။ ပြည်သူတွေလည်း စကစရဲ့ အယုံသွင်းနေတဲ့အရာတွေကို လုံးဝ လက်သင့်မခံကြဖို့ စကစနဲ့ ဝေးရာကို နေကြဖို့ဘဲ ကျနော် ပြောချင်တယ်” ဆိုပြီး ပြောပါတယ်။
ဒါ့အပြင် ဗုံးကြဲမှုကြောင့် ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာနဲ့ အရပ်သား ၁၁ ဦး မစိုးရိမ်ရဒဏ်ရာ ရခဲ့ပြီးတော့ ဆေးရုံရဲ့ သားဖွားမီးယပ်အဆောင်အပါအဝင် အဆောက်အုံ ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စဉ့်ကူးမြို့နယ် လက်ပန်လှရွာ သစ်တောရုံးအနီးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၈၀ ခန့်အရွယ် အဖွားတစ်ဦး ခြေထောက်မှာ ဒဏ်ရာ ရခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
စစ်တပ်ဟာ အရပ်သားတွေနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ရှောင်စခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် လူထုတွေအနေနဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်း တူးထားဖို့လည်း ပြင်လွင်ဦး ပကဖက တိုက်တွန်းထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။