အင်းငယ်၊ ဇွန် ၃၀၊ တောင်ကြီး
ရှမ်းပြည်ရဲ့ မြို့တော် တောင်ကြီးမြို့မှာ ဇွန်လအတွင်း စစ်မှုထမ်း မဲပေါက်တဲ့ လူငယ်တွေကို သိန်းတစ်ရာကျပ် တောင်းခံတဲ့ အုပ်ချုပ်ရေးမှူးဟာ နေပြည်တော်ရှိ ဗဟိုပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးအဖွဲ့ အထိ တိုင်ကြားခံရတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးသန်းရွှေဟာ ရပ်ကွက်တွင်း စစ်မှုထမ်း မဲပေါက်သူတွေကို သိန်းတစ်ရာကျပ် တောင်းခံပြီးတဲ့နောက်မှာ စစ်မှုထမ်း လွတ်ကင်းခြင်း မရှိဘဲ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်လိုက်တာကြောင့် ရပ်ကွက်နေ ပြည်သူတွေက တိုင်ကြားထားတာပဲ ဖြစ်ပါတယ်။
ရွှေတောင်ရပ်ကွက်နေ ဦးသန်းရွှေနဲ့ နီးစပ်သူ တစ်ဦးက “မဲပေါက်သူတွေက ပိုက်ဆံလည်း ပေးရတယ်။ ပြီးတော့လည်း လွတ်တာလည်း မဟုတ်ဘူး။ တစ်ခါတည်းကို ပေးရတာနော်။ ခွဲပေးလို့ မရဘူး။ ကျန်တဲ့အိမ်တွေလည်း သောင်းဂဏန်း ထည့်ရတယ်” လို့ ပြောပါတယ်။
ဦးသန်းရွှေကို လာမယ့် ဇူလိုင်လအတွင်း ဗဟိုဌာနချုပ်က လာရောက်စစ်ဆေးမှာဖြစ်ပြီး မဲပေါက်တဲ့ မိသားစုဝင်တွေက ရပ်စောက်မြို့ရှိ ဗထူးတပ်ကတဆင့် တိုင်ကြားထားတာလို့ သိရပါတယ်။
စိန်ပန်းနဲ့ ရွှေတောင်ရပ်ကွက်မှာ မဲမပေါက်သူတွေကလည်း တစ်အိမ် ၅ သောင်းကျပ်နှုန်းနဲ့ လစဉ်ထည့်ဝင်နေရပြီး နောက်ပိုင်းကာလမှာ စစ်မှုထမ်းခေါ်ယူဖို့ ခက်ခဲလာတာကြောင့် လူစားထိုးခွင့် မရတော့ဘူးလို့လည်း ဆိုပါတယ်။
စိန်ပန်းရပ်ကွက်ရှိ စစ်မှုထမ်းကြေး လစဉ်ထည့်ဝင်နေရသူ တစ်ဦးက “စိန်ပန်းရာအိမ်မှူး ခင်မီလည်း ပါတယ်လို့ ကြားတယ်။ ဒါကတော့ မသေချာပါဘူး။ သန်းရွှေက သေချာပေါက်ပါတယ်။ စိန်ပန်းနဲ့ ရွှေတောင်က ကပ်ရက်ဆိုတော့ တစ်ခုစစ်ရင် တစ်ခုလည်း ပါမှာပဲ” လို့ ပြောပါတယ်။
ဦးသန်းရွှေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း လက်နက်မှောင်ခိုမှုကြောင့် တိမ်းရှောင်ခဲ့ရပြီး နောက်ပိုင်း ကာလတွေမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ကို လာဘ်ထိုးထားတာကြောင့် အဲဒီကာလတွေတုန်းက အမှုရုတ်သိမ်းလိုက်ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
ဦးသန်းရွှေဟာ အမျိုး၊ ဘာသာ၊ သာသနာ(မဘသ) အဖွဲ့ရဲ့ မြို့နယ်ခေါင်းဆောင်နဲ့ လက်ရှိ တောင်ကြီးမြို့ရဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး လက်နက် ကိုင်ဆောင်ခွင့်ရထားတဲ့ တစ်ဦးတည်းသော အုပ်ချုပ်ရေးမှူးလည်း ဖြစ်ပါတယ်။
လတ်တလော တောင်ကြီးမြို့မှာ စစ်မှုထမ်းခေါ်ယူရေးကိစ္စနဲ့ ပတ်သက်ပြီး လာဘ်အစားဆုံး အုပ်ချုပ်ရေးမှူးတွေဟာ စိန်ပန်း၊ ရွှေတောင်နဲ့ ရတနာသီရိရပ်ကွက်တို့က ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။