ပို့လဘား၊ ဇွန်လ ၃၀ ရက်၊ မိုင်းဝီး
တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာမှာ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဇွန်လ ၂၉ ရက် မနက် ၈ နာရီအချိန်မှာ စိတ်ကျန်းမာရေးချို့ယွင်းသူတစ်ဦးက သူတို့နေအိမ်ကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ” အဲအိမ်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့သူနဲ့ အဖွားတစ်ယောက်ပဲရှိတယ်။ အဲအဖွားက သူများအသုဘရှိတဲ့အိမ်ကို သွားတဲ့ချိန်မှာ သူတို့အိမ်ကို သူမီးရှို့လိုက်တာ”လို့ ဆိုပါတယ်။
နေအိမ်မီးလောင်မှုမှာ စုစုပေါင်းကာလတန်ဖိုး ၇၈ သိန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း နမ့်ခမ်းမြို့နယ် လွယ်ဟွမ်ကျေးရွာအုပ်စု တွန်းကော်ကျေးရွာမှာ ဘက်ထရီအိုးပေါက်ကွဲရာကနေ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်ဖြစ်တဲ့ မန်တုံ၊ နမ်းခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လအထိ မီးလောင်မှုအကြိမ်ရေပေါင်း ၁၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။