မိုင်းပန်ပျော်၊ ဇွန်လ ၂၀ ရက်၊ အောင်ပန်း
ရှမ်းတောင် အောင်ပန်းမြို့မှာ ကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားပေါ်လိုက်လာတဲ့လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အောင်ပန်းနာရေးကူညီမှုအသင်းဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက် ညနေပိုင်း ၅ နာရီဝန်းကျင် အောင်ပန်း -ပင်းတယ သွားတဲ့လမ်း ကြယ်စင်ဟိန်းစက်သုံးဆီအရောင်းဆိုင်အကျော်မှာ ကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွါးခဲ့တာလို့ အောင်ပန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဲနေ့ ကျနော်တို့သွားသယ်တာ ညနေ ၅ နာရီလောက်ဖြစ်မယ်။ အောင်ပန်း -ပင်းတယသွားတဲ့လမ်း ကြယ်စင်ဟိန်း စက်သုံးဆီရောင်းတဲ့ဆိုင်အကျော်မှာ အကွေ့လေး အဲ့နေရာမှာဖြစ်သွားတယ်ဗျ။ Bango ကားက တခြားကားတွေကျော်ဖို့လုပ်တာ မိုးရွာထားတော့ လမ်းစလစ်ဖြစ်ပြီး တစ်ဖက်လာတဲ့ကားနဲ့ ဝင်တိုက်တာ”
ယာဥ်တိုက်မှုကြောင့် ကားပေါ်လိုက်ပါလာတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့လူတွေကို အောင်ပန်းနာရေးကူညီမှုအသင်းက အောင်ပန်းဆေးရုံ ကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
အောင်ပန်း-ပင်းတယ သွားတဲ့လမ်းမှာ မကြာခဏ ယာဉ်တိုက်မှုတွေဖြစ်ပွားနေတာကြောင့် ကားသမားတွေ ယာဉ်အမြန်မမောင်းဖို့ အထက်ပါ တာဝန်ရှိသူက ပြောဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။