လွေးထွေး၊ ဇွန်လ ၂၄ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာမြို့နယ် ဥက္ကံရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့လို့ ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဇွန်လ ၂၃ ရက် ည ၁၀ နာရီ ဝန်းကျင်မှာ မတ္တရာမြို့နယ် ဥက္ကံရွာရဲ့ ဘုန်းကြီးကျောင်းအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ခေါင်းပြတ်ထွက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက “အဲရွာ ဘုန်းကြီးကျောင်းရဲ့ တောင်ဘက်နားလေး ကျတာပေါ့။ ဈေးဆိုင်ရောင်းတဲ့ အိမ်ဆိုင်က အမျိုးသမီး ဗုံးစထိလို့ ခေါင်းပြတ်သွားတာ” လို့ ပြောပါတယ်။
မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပေမဲ့ ၎င်းဗုံးကြဲတဲ့ နေရာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်း သူက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း စဉ့်ကူး၊ မတ္တရာနဲ့ သပိတ်ကျင်း စတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်အောင် ကတုတ်ကျင်းတွေ တူးထားကြဖို့ကို အဲနေရာတွေမှာ လှုပ်ရှားသွားလာတဲ့ တော်လှန်ရေးတပ်တွေက သတိပေး ပြောကြားထားပါတယ်။
အလားတူ ဇွန်လ ၂၂ ရက် ည ၁၁ နာရီကလည်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်က မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မွေးဖွားခါနီး ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ၁၂ ဦး ဒဏ်ရာရတဲ့အပြင် ဆေးရုံအဆောက်အဦးတွေလည်း ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။