ခိုင်လေး၊ ဇွန်လ ၁၀ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဖလဲရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိ ရဲဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၉ ရက်နေ့ ည ၉ နာရီခွဲ ဝန်းကျင်မှာ မြစ်ချောင်းတိုင်းကနေ ပျံသန်းလာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ဖလဲရွာကို လေကြောင်းနဲ့ ပေါင် ၃၀၀ ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ဝာာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
”ကျနော်တို့ဘက်မှာက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စကစ က လေကြောင်းနဲ့ တိုက်ခိုက်သွားတာပါဗျ။ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ဦးက တစ်ဦးက သက်ကြီးပိုင် နောက်တစ်ဦးက ၁၉ နှစ်အရွယ်ပါဗျ။ အမျိုးသားကတော့ လူလတ်ပိုင်း ၃၀ ဝန်းကျင်ပါဗျ။”
စစ်ကောင်စီတပ်က ဖလဲရွာပေါ်ကို ပေါင် ၃၀၀ ဗုံးနဲ့ ရွယ်လယ်မှာ တစ်လုံး၊ ရွာအစွန်းမှာတစ်လုံးနဲ့ လယ်ကွင်းထဲကို တစ်လုံး စုစုပေါင်း ဗုံးသီး ၃ လုံးကြဲချတိုက်ခဲ့တာဖြစ်တယ်လို့ ကောလင်းခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိ ရဲဘော်တစ်ဦးက ဆက်ပြောပါတယ်။
”တိရစ္ဆာန်တွေလည်းထိတယ်ဗျ။ ဗုံးသီးက အားလုံးပေါင်း ဖလဲရွာပေါ်ကို ၃ လုံးချတာ။ ရွာလယ်ကိုတစ်လုံး ရွာစွန်းကိုတစ်လုံး လယ်ကွင်းထဲကို တစ်လုံးကျတယ်ဗျ။ ရွာလယ်ခေါင်းကို ကျတဲ့ဟာက လူထိတယ်။ နေအိမ် ၆ လုံးလည်းထိတယ်။ ရွာစွန်းမှာကျတဲ့ဟာက ဝက်ခြံပေါ်ကိုကျတာ။ အဲမှာက မွေးမြူရေးပုံစံမျိုးဆိုတော့ ဝက်တစ်ကောင်သေတယ်။ ကြက်တွေလည်း သေတာရှိတယ်ပေါ့”
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကလည်း တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ပေါက်ကုန်းရွာကို ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချသွားခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦးလည်း ပြင်းထန် ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။