အိုက်ပွီး၊ သြဂုတ် ၂၅ ရက်၊ မလေးရှား
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာ တရားမဝင် အလုပ် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၁၁၁ ဦးကို ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ မလေးရှားအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးထောင်ချပြီးတော့ ပြစ်ဒဏ် ကျခံပြီး ပြန်လွတ်လာသူတွေကို ဂျိုဟိုးပြည်နယ် လဝက က မြန်မာဘက် ပြန်ပို့ပြီး ပြည်နှင်ဒဏ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ လတွေက ဂျိုဟိုးမှာ တရားမဝင် အလုပ် လုပ်နေတဲ့ ရွှေ့ပြောင်းမြန်မာတွေ ဖမ်းဆီးထောင်ချ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူတွေကို ပြည်နှင်ဒဏ် ပေးတာပါ။ အမျိုးသမီးတွေလည်း ပါတယ်” လို့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ကူညီဆောင်ရွက်ပေးသူ မြန်မာတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြည်နှင်ဒဏ် ပေးခံရတဲ့ မြန်မာတွေကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် သက်ဆိုင်ရာ မြန်မာပြည် ရန်ကုန်သို့ လွှဲ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။
“ဂျိုဟိုးပြည်နယ်မှာ ဖမ်းဆီးခံရတဲ့သူတွေကိုပဲ ပြည်နှင်ဒဏ် ပေးတာပါ။ တခြားမြို့နယ်တွေမှာ ဖမ်းဆီးခံရတဲ့သူတွေ မပါဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။
မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးပြီး ထောင်ချခံရသူအတွက် မိသားစုဝင်တွေက လေယာဉ်လက်မှတ် မလေးရှားငွေ ရင်းဂစ် ၇၃၀ ကို မြန်မာသံရုံး လူဝင်မှု ထိန်းသိမ်းရေးစခန်း တာဝန်ရှိသူတွေထံ ပေးသွင်းရတယ်လို့ သိရပါတယ်။
ပြည်နှင်ဒဏ် ပေးထားသူတွေကို မလေးရှားနိုင်ငံထဲ ထပ်မံ ဝင်ရောက်ခွင့် မပြုဘဲ နာမည်ပျက်စာရင်းထဲမှာ တင်သွင်းထားတယ်လို့ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာ ၁၁၁ ဦးအပြင် အင်ဒိုနီးရှား ၁၄၀ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၄ ဦး၊ တရုတ် ၇ ဦး၊ ပါကစ္စတန် ၆ ဦး၊ ထိုင်း ၆ ဦး၊ ကမ္ဘောဒီးယား ၅ ဦး၊ နီပေါ ၂ ဦးနဲ့ သီရိလင်္ကာ ၁ ဦးတို့ကိုလည်း ပြည်နှင်ဒဏ် ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။