အိုက်ပွီး၊ ဇန်နဝါရီ ၁၆ ရက်၊ အိန္ဒိယ
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Mamit ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး- CNF/CNA ရဲ့ ခေါင်းဆောင်တစ်ဦးအပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ AK-47 ရိုင်ဖယ် ၆ လက်၊ ကျည်အိမ် ၁၃ ခု၊ ကျည်ဆန်မျိုးစုံ ၁ ထောင်ကျော်ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ CNF/CNA ခေါင်းဆောင်တစ်ဦးနဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ နာမည်၊ ရာထူး ဖော်ပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တစ်ကောင်း တောင်တန်းဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီကို ရွှေဖီမြေက ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ မီဇိုရမ်ပြည်နယ်အတွင်း ပမာဏအများဆုံး လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုထဲက တစ်ခုဖြစ်သလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို မီဇိုရမ်ပြည်နယ် Mamit ခရိုင် Phaileng ရဲစခန်းမှာ အမှုဖွင့်ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။