ပို့လဘား၊ အောက်တိုဘာ ၃၀ ရက်၊ ရွှေလီ
တရုတ်နိုင်ငံ ရွှေလီမြို့မှာ တရားမဝင် အလုပ် လုပ်နေတဲ့ အမျိုးသမီး ၃၀ ကျော်ကို တရုတ်ရဲက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ရွှေလီမြို့ ချင်းမင်ချွန်းမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ တရားမဝင်တဲ့ အလုပ်ကို လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတွေကို မနေ့ အောက်တိုဘာ ၂၉ ရက် ညမှာ တရုတ်ရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မနေ့ည သူတို့ ဝင်ဖမ်းတဲ့အချိန် တရုတ်ချိန်က ၁၀ နာရီဝန်းကျင်လောက် ဖြစ်မှာ။ အဲထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါတယ်။ မကောင်းတဲ့အလုပ်တွေ သူတို့လုပ်နေတာ။ ဖာသည်မတွေပေါ့။ သူတို့ကိုဖမ်းပြီး ထောင်ထဲမှာ အနည်းဆုံး ၁ နှစ်နဲ့၆ လနေခိုင်းတယ်။ တရုတ်ပြည်မှာ အဲလိုမျိုးလုပ်ခွင့်မရှိဘူးလေ။ နေ့တိုင်းလိုက်ဖမ်းတယ်။ သူတို့ ထွက်ပြေးကြတယ်။ ဒါမဲ့ ဒီတစ်ခါဖမ်းတာက အများဆုံးပဲ” လို့ ပြောပါတယ်။
အဲဒီတရားမဝင်တဲ့ အလုပ်ကို လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေကို တရုတ်ရဲတွေက နေ့စဉ်ညတိုင်း ဝင်ရောက်ဖမ်းဆီးတာရှိတယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း ရွှေလီမြို့ ရှလုံအန်းမှာရှိတဲ့ စည်ပင်ဝန်ထိပ်ကတိုက်မှာ ကျောက်စိမ်းအရောင်းအဝယ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။