မိုင်းရူပ၊ အောက်တိုဘာ ၂၉ ရက်၊ ရွှေဖီမြေ
တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ တအာင်းလူငယ် တစ်ဦး တိုက်ပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ အသက် ၂၇ နှစ်အရွယ် မိုင်းအိုက်ထွန်းဆိုသူဟာ ရွှေလီမြို့ရှိ ၉ ထပ်တိုက်တစ်ခုမှာ ကြွေပြားကပ်နေစဉ် မတော်တဆဖြစ်ပြီး ပြုတ်ကျခဲ့ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် နောက်နေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။
“၂၄ ရက်နေ့မှာ ပြုတ်ကျတာ။ ဆေးရုံပို့ပြီး နောက်နေ့မှာ ဆုံးသွားတာ။ သူက ခေါင်းမှာ အများကြီး ထိတာ။ အဲဒီမှာက ၉ ထပ်တိုက်၊ သူက ၄ လွှာမှာ ပြုတ်ကျတာ” လို့ သေဆုံးသွားတဲ့ မိုင်းအိုက်ထွန်းနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၎င်းရဲ့ အလောင်းကို အောက်တိုဘာ ၂၇ ရက်နေ့မှာ တရုတ်ပြည်ရှိ တအာင်းလူငယ်တချို့နဲ့ ပရဟိတအဖွဲ့များ ပူးပေါင်းပြီး သဂြိုလ်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသူ မိုင်းအိုက်ထွန်းဟာ တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာနေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုများကြောင့် တအာင်းဒေသအပါအဝင် နိုင်ငံတဝန်းလုံးက လူငယ်များဟာ ပြည်ပထွက်ခွာသူများ ပိုများလာပြီး ကြုံရာအလုပ်လုပ်ကိုင်နေကြရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။