သတင်းဓာတ်ပုံ
ရွှေဖီမြေ၊ ဩဂုတ် ၂၆ရက်
စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Y 12ထောက်ပို့လေယောဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေပြီး မြေပြင်မှာလည်း ဒရုန်းအများအပြားနဲ့ အသုံးပြုတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ကို TNLAဘက်ကလည်း အပြင်းအထန်ခုခံနေပြီး စစ်ကောင်စီစစ်ကြောင်းဟာ နောင်ပိန်ရွာကနေ ကျော်နိုင်ခြင်းမရှိသေးဘဲ အဲရွာမှာပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
တစ်ဖက်မှာလည်း တရုတ်ဖိအားအပြင်းအထန်ခံနေရတဲ့ TNLAတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်ဖွဲ့တို့ တွေ့ဆုံနေကြပြီး တွေ့ဆုံမှု ရလဒ်ကတော့ မသိရသေးပါဘူး။
တွေ့ဆုံဆွေးနွေးပွဲအတွင်း စစ်ကောင်စီဘက်က TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊မိုးကုတ်မြို့တွေကို ဆက်တိုက်ဗုံးကြဲနေပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးတာတွေ ရှိနေပြီး လူထိခိုက်မှုတွေလည်း ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။