ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၆ ရက်
“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA က ပြည်သူလူထုတွေ ချွေတာနေရတဲ့အချိန်မှာ ချမ်းသာကြွယ်ဝမှုကို အများရှေ့ပြသခြင်း၊ ဇိမ်ခံခြင်း၊ အခမ်းအနား ကြီးကျယ်စွာကျင်းပခြင်းတွေကို ရှောင်ရှားဖို့ တပ်ဖွဲ့ဝင် အဆင့်ဆင့်ထံ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
“အခက်အခဲနဲ့ ဒုက္ခတွေကြားထဲကနေ လက်ရှိအချိန်ထိ ဖြတ်သန်းလာခဲ့ကြတဲ့ ပြည်သူလူထုတွေဟာ ချွေတာတတ်ပြီး ရိုးသားသန့်ရှင်းကြပါတယ်။ အခုရရှိတဲ့ သာယာငြိမ်းချမ်းတဲ့ ဘဝဟာ လွယ်လွယ်ကူကူ ရရှိလာတာမဟုတ်ဘဲ တော်လှန်ရေးသူရဲကောင်းတွေရဲ့ အသက်၊ သွေးနဲ့ လဲလှယ်ရရှိခြင်း ဖြစ်ပါတယ်” လို့နိဒါန်းပြုပြီး တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် စည်းကမ်းချက်ထဲမှာ ထည့်သွင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ လမ်းညွှန်ချက် (စည်းကမ်းချက်) တွေထဲက နံပတ် (၂) အချက်ထဲမှာ အလွန်အမင်း ပွဲလုပ်ခြင်း၊ ယှဉ်ပြိုင်ပြသခြင်း၊ ဖြုန်းတီးခြင်း၊ လက်ထပ်ဖို့ တင်တောင်းငွေ အလွန်အကျွံ တောင်းခြင်း၊ အသက်ရှိစဉ် မစောင့်ရှောက်ဘဲ သေဆုံးမှ အခမ်းအနားခမ်းနားစွာလုပ်ခြင်းတို့ ကို ဆန့်ကျင်ပါလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပျော်ရွှင်ရေးအခမ်းအနားတွေကို ခမ်းခမ်းနားနားမလုပ်ဖို့ အသုဘ အခမ်းအနားတွေကို ရိုးရှင်းစွာ ပြုလုပ်ဖို့လည်း တိုက်တွန်းထားပြီး ပြည်သူလူထုတွေအတွက် အနှောက်အယှက် မဖြစ်စေဖို့ အသံချဲ့စက် ကျယ်လောင်စွာ မဖွင့်ရ၊ မီးပန်းနဲ့ ပေါက်ကွဲပစွည်း မဖောက်ရ၊ လမ်းပိတ်ဆို့မှုဖြစ်အောင် ပွဲမလုပ်ရ၊ ညလုံးပေါက် ဆူညံမှု မပြုရ စတဲ့ စည်းကမ်းချက်တွေ ပါဝင်ပါတယ်။
အဲဒီ ညွှန်ကြားချက်ကို ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စဝ်ပန်ဖရဲ့ တတိယသား မင်္ဂလာဆောင်ပြီး နောက်တစ်နေ့ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဲဒီမင်္ဂလာ လက်ထပ်ပွဲကို UWSA ခေါင်းဆောင် ပေ့က်ယူချန်းရဲ့ သားဖြစ်သူ ပေါက်အိုက်ခမ်းလည်း တက်ရောက်ခဲ့သလို ပြည်သူလူထု ၃၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။