မိုင်းရူပ၊ ဖေဖော်ဝါရီ ၉ ရက်၊ မိုးကုတ်
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ်မတော် PSLF/TNLA ထံကနေ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး နေအိမ်တချို့ကို စစ်ကောင်စီက ချိတ်ပိတ်တာတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်ကစပြီး မိုးကုတ်အရှေ့ပိုင်းရှိ နေအိမ်တချို့ကို စစ်ကောင်စီတပ်ဘက်က စတင်ချိတ်ပိတ်တာဖြစ်တယ်လို့ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပြီးခဲ့တဲ့ ၅ ရက်လောက်ကစပြီး အိမ်တွေ စချိတ်ပိတ်နေတယ်။ မိုးကုတ်အရှေ့ပိုင်းမှာ ဆိုင်နှစ်ဆိုင် ချိတ်ပိတ်ထားတယ်။ မိုးကုတ်အနောက်ပိုင်းမှာတော့ ချိတ်ပိတ်တာ မရှိသေးဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့ စစ်ကောင်စီတပ်က Non-CDM တွေကို ခေါ်သွင်းနေပြီး လက်ရှိအချိန်အထိတော့ လည်ပတ်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့တွင်းထဲမှာတော့ စစ်ဘေးကြောင့် တိမ်းရှောင်နေကြတဲ့ မြို့ခံတွေ အများစုဟာ နေရပ်ပြန်လာကြပြီလို့ ဒေသခံတွေက ဆိုပါတယ်။
တစ်ဖက်မှာလည်း မိုးကုတ်မြို့အနီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။