မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ကွတ်ခိုင်
တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတစ်ဆင့် အလုပ် သွားလုပ်တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က အမျိုးသား ၆ ဦးနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လထဲမှာ ကွတ်ခိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာခံ အမျိုးသား ၆ ဦးကို အိုက်အောင်ဆိုသူ အမျိုးသားက တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားရာက ရွှေလီမြို့ရှိ ကြံခင်းတစ်ခုမှာ ကြံခုတ်အလုပ် လုပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
“အိုက်အောင်နဲ့ သူ့သူငယ်ချင်းတစ်ယောက်က တရုတ်ပြည်မှာ အလုပ်ရမယ်ဆိုပြီး ရွာမှာ လာခေါ်တာ။ တရုတ်ပြည်ရောက်တော့ သူတို့ နေထိုင်ခွင့်စာအုပ်တွေ အကုန်သိမ်းခံရတာ။ ရွှေလီက ကြံခြံတစ်ခုမှာ ကြံစိုက်ခိုင်းတာ။ သူတို့လုပ်တာ ၆ လ၊ လစာက တရုတ်ငွေ ၅၀၀ ပေးတာ။ သူတို့လုပ်တဲ့ခြံမှာ လူအသစ် ထပ်ရောက်တော့ သူတို့ကို နေရာပြောင်းလိုက်တာ။ အခုထိ အဆက်အသွယ်မရတော့ဘူး” လို့ ဆိုပါတယ်။
မိသားစုဝင်တွေက ၎င်းတို့ ၆ ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိသာ အဆက်အသွယ်ရခဲ့ပြီး ၎င်းတို့ရဲ့ လစာတွေကို လုပ်ငန်းရှင်ဘက်က မထုတ်ပေးဘဲ လုပ်ငန်းခွင်အတွင်း ရိုက်နှက်ခံရတာတွေရှိတယ်လို့ ဆိုပါတယ်။
အဲချိန်ကတည်းကနေ လက်ရှိအချိန်ထိ ၎င်းတို့ ၆ ဦးနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး ဘယ်နေရာရောက်နေတာလဲဆိုတာ မသိရတော့ဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပျောက်ဆုံးနေသူ ၆ ဦးဟာ အိုက်ခမ်း၊ အိုက်လှ၊ အိုက်ညီ၊ အိုက်အေး၊ အိုက်ရင်နဲ့ မောင်အေးဆိုသူတို့ဖြစ်ပြီး ၎င်းတို့ကို ခေါ်သွားတဲ့ ပွဲစား အိုက်အောင်ကတော့ ဆိုက်ခေါင်ရွာအနီးက ကျေးရွာမှာ နေထိုင်သူလို့ သိရပေမဲ့ ရွာနာမည် အတိအကျကိုတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။
၎င်းတို့ ၆ ဦး ပြန်လည်တွေ့ရှိဖို့ သက်ဆိုင်ရာတွေဘက်က ကူညီပေးဖို့ကိုလည်း မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး လူငယ်တချို့ လူကုန်ကူးခံရတာ၊ ပွဲစားတွေရဲ့ လိမ်လည်တာ စတာတွေကို မကြာခဏ ကြုံနေရပါတယ်။
စာအုပ်အနီလို့ခေါ်တဲ့ မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကို ရှမ်းမြောက် မူဆယ်ခရိုင်ရှိ မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူတွေကိုသာ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
တခြားဒေသက နေထိုင်သူတွေကိုတော့ တစ်ပတ်ကဒ်ကိုသာ ပြုလုပ်ပေးပြီး စာအုပ်အနီ ရရှိဖို့ ပွဲစားကနေတစ်ဆင့် လုပ်ရာကနေ ငွေကြေးလိမ်လည်ခံရတာတွေ မကြာခဏ ဖြစ်ပွားကြောင်း လိမ်လည်ခံရသူတွေဆီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။