ပို့လဘား၊ ဇန်နဝါရီ ၈ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့က အားကစားကွင်းပတ်လည်မှာ တည်ဆောက်ထားတဲ့ ဆိုင်ခန်းနဲ့ တိုက်ခန်းတွေကို အမြန်ဖယ်ရှားဖို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရဇသံပေး အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အထဲမှာ နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်နဲ့ လူငယ်ရေးရာစင်တာ (Youth Center) တည်ဆောက်မယ်လို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ဆိုင်ခန်းနဲ့ တိုက်ခန်းတွေကို ဖယ်ရှားပေးဖို့ ပထမအကြိမ်အသိပေးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အဲဆိုင်တွေဖယ်ရှားပေးဖို့ အာကာဦးစီးတွေ လာပြောပြတာ။အားကစားရေးရာတွေပေါ့။ သူတို့ပထမအကြိမ် စာပို့လာတယ်။ ဘယ်သူမှ ဖယ်ရှားတာမရှိသေးဘူး။ သူတို့ ဒုတိယအကြိမ် ထပ်သတိပေးမယ်တဲ့။ သူတို့ပြောသလို မဖယ်ပေးရင် သူတို့ကိုယ်တိုင် ဝင်ဖျက်မယ်လို့ ကြားတယ်။ အဲဆိုင်ခန်းတွေက စက်ပစ္စည်းဖွင့်တာ များတယ်။ အဲမှာဆိုင်ဖွင့်တဲ့သူတွေလည်း နှစ် ၃၀ ဝန်းကျင်ရှိနေပြီ”
အဲဒီ ဆိုင်ခန်းနဲ့ တိုက်ခန်းတွေ ဖယ်ရှားပေးဖို့ ပထမအကြိမ် အသိပေးပြီးတဲ့နောက် မဖယ်ရှားရသေးတဲ့ ဆိုင်ခန်းတွေရဲ့ ငှားရမ်းစာချုပ်ကို ရပ်စဲဖို့နဲ့ အမြန်ဖယ်ရှားပေးဖို့ ဒုတိယအကြိမ် ထပ်မံအသိပေး အကြောင်းကြားလာမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်ကလည်း စစ်ကောင်စီတပ် စည်ပင်သာယာရေးငှာနတို့က တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို ဖျက်ဆီးပြီး ဆိုင်ခန်းတည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။