လက်ဖက်မြေ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာလည်း စစ်မှုထမ်းကြေးအတွက် အိမ် ၁ အိမ်ကို ငွေ ၂ သိန်း ပေးဆောင်နေရတယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်မှုထမ်းကြေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး စစ်မှုထမ်းစာရင်းထဲပါတဲ့ ရပ်ကွက်အလိုက် အိမ် ၁ အိမ်ကို ၂ သိန်း ပေးကြရတာလို့ ဆိုပါတယ်။
သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက “၂ သိန်း ကောက်တယ်ဆိုတာက ဒီ ၂၀၂၆ ခုနှစ် ၁ နှစ်စာအတွက် စစ်မှုထမ်းကြေး ကောက်တာပါ။ ၁ အိမ်ကို ၂ သိန်း ၂ အိမ်ဆို ၄ သိန်းပေါ့။ စစ်မှုထမ်းတဲ့အထဲ မသွားချင်ရင် ကြေးဆိုတာတော့ ပေးရပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ လားရှိုး၊ ကျောက်မဲနဲ့ တန့်ယန်းမြို့မှာလည်း စစ်မှုထမ်းဖို့အတွက် စတင်ခေါ်ယူနေပြီး စစ်မှုထမ်းဖို့ တာဝန်ကျတဲ့သူအနေနဲ့ အသင့်ပြင်ထားဖို့ အစည်းအဝေးမှာ ပြောဆိုခဲ့သလို ဒေသခံတွေအနေနဲ့ စစ်မှုထမ်းကြေးအတွက် ငွေ ၅ ထောင်ကနေ ၂ သောင်းကျပ်အထိ ပေးနေရတာပဲ ဖြစ်ပါတယ်။
လားရှိုးမြို့မှာတော့ လာမယ့် မတ်လမှာ မြို့ပေါ်က ဒေသခံတွေအနေနဲ့ စစ်တပ်ထဲ စစ်မှုထမ်းဖို့ တာဝန်ကျတဲ့ အိမ်ရှင်တွေကိုယ်တိုင် သွားရမှာဖြစ်ပြီး လူအစားထိုး သွားခွင့် မပြုတော့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က လူထုတွေဆီ ပြောကြားထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းခဲ့ပြီးနောက် လူငယ်တွေကို အတင်းအဓမ္မ စုဆောင်းတာတွေ ပြုလုပ်နေပြီး အပတ်စဉ် ၁ ခုကို လူအင်အား ၅ ထောင် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။