လွေးထွေး၊ ဒီဇင်ဘာ ၂၂ ရက်၊ မြစ်ကြီးနား
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့ လေကြောင်းဗုံးကြဲ ခံနေရတာကြောင့် မြစ်ကြီးနား-မန္တလေး သွားတဲ့ ကွင်းလမ်းကို ထပ်မံပိတ်လိုက်တယ်လို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရွှေဘိုနဲ့ ခင်ဦးတိုက်ပွဲကြောင့် အများအသုံးပြု သွားလာတဲ့ မြစ်ကြီးနား-မန္တလေး လမ်းမကြီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်မှာ ပိတ်ထားခဲ့တာကြောင့် ကားသမားနဲ့ ခရီးသွားတွေက ကွင်းလမ်းကိုသာ အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။
၎င်းကွင်းလမ်းကို ဒီဇင်ဘာ ၂၀ ရက်အထိ အသုံးပြုခဲ့ကြပေမယ့် ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်းကစလို့ အဆိုပါကွင်းလမ်းကိုပါ ပိတ်လိုက်တာကြောင့် လမ်းတွေမှာ ရာနဲ့ချီတဲ့ ကားတွေ သောင်တင်နေရတာ လို့ ကားသမားတစ်ဦးက ပြောပါတယ်။
၎င်းကားသမားက “အတက်လည်း ပိတ်။ အဆင်းလည်း ပိတ်။ ကားလေး ကားကြီး အကုန်ပိတ်တာဘဲ။ အခုထိပါ။ ဘယ်အဖွဲ့က ပိတ်လည်းတော့ မသိဘူး။ တော်တော်ကြာလောက်တယ်” လို့ ဆိုပါတယ်။
ကားလမ်းပိတ်ဆို့ခံထားရတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီး သောင်တင်နေတဲ့ လူထုတွေကလည်း လေကြောင်းအန္တရာယ်ကို အထူးစိုးရိမ်နေရတယ်လို့ နောက်ထပ် ခရီးသွား အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ရှေ့တိုးမရ။ နောင်ဆုတ်မရ။ ကျည်ဆံသံလည်း ကြားနေရတယ်။ လေယာဉ်လည်း ဖြတ်သွားဖြတ်လာနဲ့ ကျမတို့ ဘယ်တော့ သေရမလဲ မသိတော့ဘူး” လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကလည်း ခင်ဦးလမ်းဆုံမှာ စစ်ကောင်စီတပ်က ဗုံးကြဲ လို့ ခရီးသွားလူထုတွေ ၁၀ ဦးကျော် သေဆုံးဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။