မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၁၆ ရက်၊ မက်မန်း
‘ဝ’တပ် UWSA ထိန်းချုပ်တဲ့ ရှမ်းမြောက် မက်မန်းမြို့မှာရှိတဲ့ သတ္ထုတွင်းမှာ မြေပြိုမှု မကြာခဏဖြစ်ပွားတာကြောင့် လူသေဆုံးမှု မြင့်တက်လာနေတယ်လို့ သတ္ထုတွင်းမှာ အလုပ်လုပ်နေတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဲမှာတောင်က ပုရွက်ဆိတ်တွင်းလို ဟိုဖက်ဒီဖက်ပေါက်နေပြီ။ အဲဒါကို ကုမ္ပဏီရာနဲ့ချီက အထဲမှာ လုပြီး ယူနေကြရတာ။ အဲဒါကြောင့် မြေခဏခဏပြိုတာ။ ၃ လအတွင်း လူသုံးလေးယောက်လောက်ကို သေတာ”
အဲဒီသေဆုံးသွားတဲ့ လူတွေထဲမှာ တအာင်းဒေသ နမ့်ဆန်မြို့နယ် မန်လွယ်ကျေးရွာခံဖြစ်တဲ့ ကိုအိုက်လွန်မောင်မိုင်းဆိုတဲ့ လူငယ်တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သူက “မြေပြိုလို့ သေတာက မန်လွယ်က တစ်ယောက်လည်း ပါတယ်။ တအာင်း ၂ ယောက်လောက် ရှိတယ်။ ပြီးတော့ ရှမ်းတွေကော။ သူတို့တွေနဲ့ မသိတော့ ဘယ်ကလည်း မသိရဘူး” လို့ ဆိုပါတယ်။
မက်မန်းမှာရှိတဲ့ သတ္ထုတွင်းမှာ လုပ်ငန်းရှင် ရာနဲ့ချီက တောင်အတွင်းထဲမှာရှိတဲ့ သတ္ထုတွေကို ယူနေကြရပြီး တောင်အတွင်းထဲမှာ သတ္ထုဝင်သယ်တဲ့ အလုပ်သမားတွေကလည်း လစာအမြောက်အများ ရနေကြတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
“အဲသတ္ထုလုပ်တဲ့သူတွေက လစာအများကြီးရတယ်လေ။ တစ်လကို ယွမ်ငွေ သောင်းချီနဲ့ ရတာ။ သူများတစ်နှစ်စာလစာကို သူတို့က တစ်လနဲ့ ရကြတာ။ ပင်လည်း ပင်ပန်းတယ်။ အန္တရာယ်လည်း များတယ်လေ”
“ဝ” ဒေသ မက်မန်းအပြင် နမ့်တစ်နဲ့ ပန်ဆန်းမြို့နယ်တွေမှာလည်း သတ္ထုတွင်းတွေ ရှိနေပြီး လုပ်ငန်းရှင်အများစုကတော့ တရုတ်တွေ ဖြစ်ကြပါတယ်။
မြေပြိုမှုကြောင့် သေဆုံးသွားသူတွေအတွက် လုပ်ငန်းရှင်တချို့က လျော်ကြေးငွေ ထောက်ပံ့တာရှိပေမဲ့ တချို့လုပ်ငန်းရှင်တွေကတော့ သေဆုံးသွားသူတွေအတွက် တာဝန်ယူမှုမရှိသလို “ဝ” ပြည်အစိုးရကလည်း အလုပ်သမားတွေအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒမရှိသေးဘူးလို့ “ဝ” လူငယ်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။