ပို့လဘား၊ ဇန်နဝါရီ ၂၇ ရက်၊ ကရင်နီ
ကရင်နီပြည်နယ် ရှားတောမြို့နယ်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်အများစုဟာ အရေပြားရောဂါ ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ Ku Reh က ရွှေဖီမြေကို ပြောပါတယ်။
အဲဒီဒေသအတွင်း စစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတာနဲ့ ရေလုံလောက်မှုမရှိခဲ့တာကြောင့် ကူးစက်မှု ပိုမြန်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ကရင်နီပြည်နယ်မှာ အရေပြားရောဂါစတင်ဖြစ်ပွားနေပြီး ၂၀၂၅ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီထိုးစစ်မှုကြောင့် လမ်းကြောင်းပိတ်ဆို့နေတာ၊ ဆေးသယ်ယူခွင့်မပြုတာကြောင့် နယ်စပ်ကဝင်လာတဲ့ ဆေးအရေအတွက်နဲ့သာ ရောဂါဖြစ်ပွားနေသူ အချိုးအစား မမျှတတာ စတဲ့ အကြောင်းအရာတွေကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
“ရေကြောင့်လည်း ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုလည်း လိုမှာပေါ့နော်။ တစ်ကိုယ်ရေသန့်ရှင်းဖို့ သူတို့အတွက် ဆပ်ပြာလိုတယ်။ သုံးမယ်ဆိုလည်း တစ်ယောက်တစ်လုံးမှ ရမယ်။ မဟုတ်ရင် အတူတူသုံးပြီး ထပ်ကူးမှာ။ သူတို့နည်းနည်းဖြစ်ရင် ပျောက်တယ်။ ကြာလာတော့ လိမ်းဆေး သောက်ဆေးမရတောဘူး။ ထိုးဆေးပါ လိုတယ်။ ဆေးတွေကလည်း စျေးကြီးနေတော့ မတက်နိင်တော့လို့ အလှူခံလိုက်ရတာ။ အခုဆေးခန်းမှာဆို လက်အိတ်ကအစ ကုန်နေပြီ။ ဆေးတော့ လမ်းကြောင်းပိတ်တယ်ဆိုတော့ အများဆုံးက ထိုင်းဘက်ကပဲယူတယ်”
လက်ရှိအချိန်ထိ အရေပြားရောဂါ ကူးစက်ခံစားနေကြရသူတွေဟာ အသုံးအဆောင်ဖြစ်တဲ့ ရေချိုးဆပ်ပြာ၊ ငွေကြေး၊ ဆေးဝါးနဲ့ အစားအသောက် အကူအညီတွေ ဆက်ပြီး လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ကရင်ပြည်နယ်ရှိ ဖရူဆို၊ ဒီမော့ဆို၊ ဘောလခဲ စတဲ့ စစ်ရှောင်စခန်းတွေမှာ ရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါ ဖြစ်ပွားလာကြတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။