ဆုမွန်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ မိုးကုတ်
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဘောလုံးလေးဘက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက တကောင်းနဲ့ မိုးမိတ်ကြားမှာ ၃ ရက်အကြာ ပျောက်ဆုံးနေပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်မှာ မန္တလေးတိုင်း တကောင်းမြို့နဲ့ ရှမ်းမြောက် မိုးမိတ်မြို့အကြားမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
မိသားစုဝင်တစ်ဦးက “သူနဲ့ အမေက ကျနော့်ညီမဆီ သွားလည်တာ။ ဆိုင်ကယ်နဲ့ သွားတာပေါ့နော်။ အမေကို ညီမလေးဆီသွားပို့ပြီး နောက်ရက်မှာတော့ မိုးကုတ်မှာ သူအလုပ်ကိစ္စရှိတယ်ဆိုပြီး ပြန်သွားတယ်။ ၂၁ ရက်နေ့ မနက်အထိ တကောင်းမှာပဲ သူရှိသေးတယ်။ အဲဒီ ၂၁ ရက် ည ၇ နာရီ ရောက်တော့ ညီမက ဖုန်းဆက်လာပြီး အဖေအိမ်ပြန်ရောက်ပြီလား မေးတော့ ပြန်မရောက်သေးဘူးလို့ ကျနော်ပြောတယ်။ အဲချိန်ကနေစပြီး တစ်လျှောက်လုံး အဆက်အသွယ်ပြတ်တော့တာပဲ”လို့ ပြောပါတယ်။
ပျောက်ဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၅၄ နှစ်ရှိ ဦးသန်းဝင်းဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက တကောင်းမြို့ဘက်သို့ သမီးဖြစ်သူဆီကို သွားလည်ခဲ့ရာကနေ အပြန်မှာပဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိုးမိတ်မြို့နဲ့ တကောင်းမြို့အကြားမှာ စစ်ကောင်စီတပ်အပြင် တော်လှန်ရေးတပ်တွေလည်း သွားလာနေတာဖြစ်ပြီး စစ်ရေးလည်း တင်းမာနေကြတဲ့ နေရာဖြစ်နေပါတယ်။
အဲဒီအမျိုးသားပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မိသားစုဝင်တွေက လိုက်လံရှာဖွေနေကြပြီး တွေ့ရှိသူတွေလည်း အကြောင်းကြားပေးဖို့ တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။