ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့နယ်မှာ ကျောင်းသား ၃ ဦး ရေဆော့ကစားရင်း ရေနစ်သေဆုံးသွားခဲ့ကြောင်း မိသားစုတွေနဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၂ နာရီကျော်မှာ တာချီလိတ်မြို့နယ် စံဖူးကျေးရွာရှိ အပန်းဖြေတဲ့နေရာဖြစ်တဲ့ တာချီလိတ် သဲချောင်း (မဲခေါင်ချောင်း) စတဲ့နေရာမှာ ရေဆော့ကစားရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။
မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးက “အဲနေ့က ပျော်ပျော်ပါးပါးအဖွဲ့လိုက် ရေသွားဆော့ကြတာတဲ့။ ပြန်ခါနီးအဲလိုဖြစ်သွားတာတဲ့။ သူတို့သူငယ်ချင်းတွေက ဆွဲဖို့လုပ်ကြတယ် ဘယ်လိုမှ မနိုင်ကြလို့” လို့ ပြောပါတယ်။
၎င်းအလောင်းတွေကို ၄ ရက်ကြာတဲ့အထိ ဒေသအတွင်း ပရဟိတအသင်းတွေရှာဖွေခဲ့ပေမဲ့ ဒီနေ့မနက်အစောပိုင်းမှ အသက် ၁၆ နှစ်အရွယ် မောင်ဇင်လင်းဖြိုးနဲ့ မောင်ဖြိုးမင်းသန့်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သူမက ဆိုပါတယ်။
ကျန်ရှိနေတဲ့ အလောင်းတစ်လောင်းကိုလည်း ဆက်လက်ရှာဖွေနေပြီး လက်ရှိသတင်းရေးသားချိန် ၁၀ နာရီအထိ မတွေ့သေးကြောင်း ပရဟိတအသင်းတွေက ဆိုပါတယ်။
နွေရာသီကာလရောက်တော့မှာဖြစ်တာကြောင့် ဒေသခံတွေ ချောင်းရေ၊ မြစ်ရေသို့ သွားရောက်အပန်းဖြေပါက ဂရုစိုက်ကြဖို့ကိုလည်း ပရဟိတအသင်းတွေက ဆိုထားပါတယ်။
အလားတူ ဖေဖော်ဝါရီ ၂ ရက်ကလည်း ကွတ်ခိုင်မြို့နယ် ကောင်းခါးသစ် ရေလှောင်တမံမှာ ရေသွားကူးတဲ့ ၉ တန်းကျောင်းသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။