မန္တလေးက ပုဂ္ဂလိကဆေးရုံ ၇ ခုကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းပြန်

မန္တလေးမြို့ပေါ်မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ ၇ ခုကို စစ်ကောင်စီက အာဏာသုံးပြီး ပိတ်သိမ်းခိုင်းထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဘော်လခဲမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံး

ကရင်နီပြည် ဘော်လခဲမြို့နယ် နမ်းဖဲကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မီဇိုရမ်က ပလက်ဝ စစ်ရှောင်စခန်းမှာ လသားအရွယ်ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ဖြစ်ပွားနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင် ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ၈ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

သီပေါမှာ အမျိုးသားတစ်ဦး ကောက်ယူလာတဲ့ မိုင်းပေါက်ကွဲ၊ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အမျိုးသားတစ်ဉီး ‌ကောက်ယူလာတဲ့ မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးပြီးတော့ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့က ဖမ်းဆီးခံရတဲ့ ရွှေပြည်သာ သပိတ်ကော်မတီက ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်ကို စစ်ကောင်စီက အလုပ်နဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီက ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်ကို စစ်ကောင်စီခုံရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ ရွှေပြည်သာ သပိတ်ကော်မတီရဲ့တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ RCSS ဥက္ကဌ ပြောပြန်

နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထပ်ပြောပါတယ်။

တမူးမြို့နယ် ကျွန်းပင်သာနဲ့ မင်းသာရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း တမူးမြို့နယ်အထက်ပိုင်း ကျွန်းပင်သာနဲ့ မင်းသာရွာကို စစ်ကောင်စီတပ်နဲ့ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ထိတွေ့မှုဖြစ်၊ စစ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ ချောင်းဂေါင်းအုပ်စု စင်မြင့်ရွာအနီး စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းတို့ လက်နက်ကြီး လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မိုးဗြဲမှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းသုံးပြီး အပြင်းအထန် ခုခံနေ

ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပါ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နောင်ချိုမြို့ လေကြောင်း တိုက်ခိုက်မှုမှာ ဒေသခံ ၁ ဦး ဒဏ်ရာ အပြင်းအထန်ရ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ဒေသခံ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်မှာ ထုတ်ပြန်လာပါတယ်။