မိုင်းအနိုင်၊ ရွှေဖီမြေ

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက်မှာ နောင်ချိုမြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ဖို့ တောင်းခမ်းဘက်က ထိုးလာတဲ့ စစ်ကြောင်းနဲ့ ပြင်ဦးလွင်၊ ဘန်ဘွေးဘက်ကနေ ထိုးတက်လာတဲ့ စစ်ကြောင်းတို့ စစ်ကြောင်း ၂ကြောင်းနဲ့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ၁၁လကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မနေ့ ဇူလိုင် ၁၇ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီတပ်က သတင်း ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့ဟာ ညီနောင်မဟာမိတ်(၃)ဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁ဝ၂၇စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပထမဆုံးမြို့အဖြစ် သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ဖြစ်ပြီး နောင်ချိုကနေ ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နဲ့ မိုင် ၂ဝအကွာမှာ တည်ရှိနေတဲ့ တောင်ခမ်းရွာမှာ ခံစစ်စည်းကို အခိုင်အမာပြန်လည်ပြုလုပ်ထားခဲ့ပါတယ်။

တောင်ခမ်းရွာမှာ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်စခန်းကွက်ကဲမှုဌာနချုပ် (၉ဝ၂)နဲ့ သူ့ရဲ့လက်အောက်ခံ အမှတ်(၂ဝ၆၊၃၅၄၊၄ဝ၆)တပ်တို့ တည်ရှိပါတယ်။

တောင်းခမ်းကျေးရွာဟာ ရှမ်းတောင်ကနေ စစ်ကူပေးပို့နိုင်တဲ့ ရှမ်းတောင်-ရှမ်းမြောက်ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာတည်ရှိနေပြီး စစ်ရေးအရ ပြင်ဦးလွင်အတွက်ပါ အလွန်အရေးပါပါတယ်။

လွန်ခဲ့တဲ့ ၂ဝ၂၄ခုနှစ် နောင်ချိုမြို့သိမ်းပြီးယူခဲ့ပြီးနောက် သြဂုတ် ၂၈ရက်နေ့မှာ တောင်ခမ်းရွာရှိ အမှတ် (၄ဝ၆)နဲ့ (၂ဝ၆)တပ် ၂ခုကို တအာင်းတပ်နဲ့ပူးပေါင်းတပ်တို့က သိမ်းပိုက်ရယူခဲ့ပြီး တောင်ခမ်းတပ်အားလုံး လက်မလွှတ်ရရေး ရှမ်းတောင်ကနေ လက်နက်၊အင်အားအများအပြား စစ်ကောင်စီဘက်က ဖြည့်တင်းပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က တောင်ခမ်းဘက်ကို စိတ်ကြိုက် လက်နက်၊အင်အားအလုံးအရင်း ဖြည့်တင်းနေတာကို တော်လှန်ရေးတပ်တွေဘက်က ဟန့်တားနိုင်ခြင်းမရှိခဲ့တာဟာ နောင်ချိုမြို့ကို ပြန်လည်ထိုးစစ်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီအတွက် အခွင့်သာစေခဲ့ပါတယ်။

ရှမ်းမြောက်နဲ့ နယ်မြေခြင်းထိစပ်နေတဲ့ ရှမ်းတောင် ရပ်စောက်မြို့နယ်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစု အနည်းစုသာရှိနေပါတယ်။ အဲနယ်မြေဟာ စစ်ကောင်စီကို တိုက်ခိုက်ခြင်းမရှိတဲ့ အင်အားကြီးတဲ့ ရှမ်းပြည်တပ်မတော်(SSPP)အဓိက လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ်တာကြောင့် တောင်ခမ်းဘက်ကို စစ်ကောင်စီဘက်က စိတ်ကြိုက်အင်အားဖြည့်တင်းခွင့် ရနေခဲ့ပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)တပ်ဟာလည်း ရှမ်းတောင်ဘက်ကနေ တောင်ခမ်းဘက်ကို အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းလာနေတဲ့ စစ်ကောင်စီတပ်ကို ရပ်စောက်ဘက်မှာ ဟန့်တားဖို့ ကြိုးစားခဲ့ကြပေမယ့် တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။

တကယ်လို့ တောင်ခမ်းကိုသာ တော်လှန်တပ်တွေအနေနဲ့ သိမ်းပိုက်နိုင်ခဲ့ရင် ရှမ်းတောင်ကနေ ဖြည့်တင်းလာမယ့် စစ်ကောင်စီတပ်ကို ဟန့်တားနိုင်ပြီဖြစ်သလို ပြင်ဦးလွင်ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ပြီး မန္တလေးမြို့ထိကိုပါ ခြိမ်းခြောက်လာနိုင်တော့မှာ ဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့ဟာ မန္တလေးမြို့ရဲ့ အထက်မှာ တည်ရှိနေတာကြောင့် မန္တလေးသိမ်းယူနိုင်ဖို့ ပြင်ဦးလွင်ကို မဖြစ်မနေ သိမ်းယူနိုင်ဖို့က အရေးကြီးပါတယ်။ ပြင်ဦးလွင်ကို သိမ်းယူနိုင်ဖို့ဟာလည်း နောင်ချိုနဲ့ တောင်ခမ်းကို အရင်ဆုံး သိမ်းပိုက်ရမှာ ဖြစ်ပါတယ်။

ပြင်ဦးလွင်ကို သိမ်းယူပြီးရင် မန္တလေးမှာရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ခံစစ်စည်းအားနည်းသွားနိုင်ပြီး မန္တရာနဲ့ပုသိမ်းကြီးဘက်အထိ ထိုးဖောက်ဝင်ရောက်လာမယ့် မန္တလေးPDFဦးဆောင်အဖွဲ့တွေဟာလည်း မန္တလေးမြို့ထဲကို ထိုးဖောက်ဝင်ရောက်လာနိုင်မှာ ဖြစ်ပါတယ်။

ပြင်ဦးလွင်၊မန္တလေး၊ကျောက်ဆည်လွင်ပြင်ကနေတစ်ဆင့် နေပြည်တော်ထိ တော်လှန်ရေးတပ်တွေအနေနဲ့ ထိုးဖောက်ဝင်ရောက်လာမယ်ဆိုတဲ့ ယူဆချက်တွေရှိနေတာကြောင့် နောင်ချိုမြို့နဲ့တောင်ခမ်းကျေးရွာဟာ စစ်ကောင်စီဘက်ရော တော်လှန်ရေးတပ်တွေဘက်ပါ အလွန်အရေးပါတဲ့ နေရာတွေ ဖြစ်ပါတယ်။

တောင်ခမ်းကို တော်လှန်ရေးတပ်တွေ ရရှိသွားရင် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ရွှေ့ပြောင်းရမှာဖြစ်ပြီး ဂုဏ်သိက္ခာပိုင်းဘက်မှာပါ ထိခိုက်လာနိုင်တာကြောင့် စစ်ကောင်စီအတွက် အပြင်းအထန်ခုခံနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့TNLAတပ်တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ အောင်မြင်ခဲ့ခြင်းမရှိခဲ့တဲ့နောက် တောင်ခမ်းကို စစ်ကောင်စီတပ်က ချက်ချင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ ၂ဝ၂၄ခုနှစ် ဖေဖော်ဝါရီ ၁ဝရက်နေ့မှာ စစ်မူမထမ်းမနေရ စနစ်ကို စတင်အသက်သွင်းခဲ့ပြီး စုဆောင်းထားတဲ့ လူအင်အားကို စိတ်ကြိုက်သုံးခွင့်ရနေခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဝေဟင်စိုးမိုးမှုကို အပိုင်ရယူထားပြီး လေကြာင်း၊ဒရုန်းတွေနဲ့အပြင် ဟောင်ဝစ်ဇာလက်နက်တွေဖြစ်တဲ့ ၁၂ဝမမ၊၁၅၅မမတွေကိုလည်း ရာနဲ့ချီအသုံးပြုပြီး စိတ်ကြိုက်ပစ်ကူနေခဲ့ကြောင်း ရှေ့တန်းစစ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် လက်ရှိနောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီဘက်က တရုတ်နဲ့ရုရှားနည်းပညာပံ့ပိုးကူညီပေးထားတဲ့ ဒရုန်းကို စိတ်ကြိုက်အသုံးပြုနိုင်ခြင်းဟာ အားသာချက်ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နောင်ချိုမြို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ပြင်ဦးလွင်နဲ့မန္တလေးကို ထိုးဖောက်ဝင်ရောက်လာနိုင်တဲ့ တော်လှန်ရေးတပ်တွေကို ယာယီဟန့်တားထားနိုင်တဲ့ သဘောဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မန္တလေးကို ထိုးဖောက်ဝင်ရောက်လာနိုင်တဲ့ နောက်တစ်လမ်းဖြစ်တဲ့ မတ္တရာအထက် စဉ့်ကူး၊သပိတ်ကျင်းဘက်ကိုလည်း စစ်ကောင်စီက ဆက်တိုက်ထိုးစစ်ဆင်နေပြီး တော်လှန်ရေးအင်အားစုတွေ ခုခံထားနေရတဲ့ အခြေနေမှာ ရှိနေပါတယ်။

မနေ့ ဇူလိုင် ၁၇ရက် အစောပိုင်းမှာ မန္တလေးရှိ ပေပင်ဆိပ်၊ရွှေကြက်ယက်သဘောၤဆိပ်တွေကနေ စစ်သား၊လက်နက်၊ရိက္ခာ၊ဆေးဝါးနဲ့ရိက္ခာတွေကို အပြည့်အစုံသယ်ဆောင်လာတဲ့ စစ်သင်္ဘောအစီး (၂ဝ)ကျော်ဟာ အထက်ပိုင်းဘက်ကို ဦးတည်ထွက်ခွာလာနေပြီး အဲသင်္ဘောတွေဟာ လက်ရှိ စစ်ကောင်စီ ထိုးစစ်ဆင်နေတဲ့ စဉ့်ကူး၊သပိတ်ကျင်းနဲ့အထက်ပိုင်းမြို့တွေကို ဦးတည်လာနေကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီထံ လက်လွှတ်ခဲ့ရပြီးနောက် အခြားတစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဘက်က သူဆုံးရှုံးထားတဲ့ နယ်မြေတွေကို အင်အားအလုံးအရင်းနဲ့ ဆက်တိုက်ထိုးစစ်ဆင်နေတာကြောင့် မန္တလေးမြို့ကို သိမ်းပိုက်မယ်ဆိုတဲ့ တော်လှန်ရေးတပ်တွေရဲ့ အိမ်မက်က ဝေးသွားစေတော့မှာလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။