By မိုင်းရူပ၊ ရွှေဖီမြေ

လူပေါင်းထောင်နဲ့ချီ သေဆုံးစေခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြီး ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးဟာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို နိုင်ငံတဝန်းက လူထုတွေ ဆက်လက်ခံစားနေရပါတယ်။

ဒီနေ့ ဧပြီလ ၃၀ ရက်ဟာ ငလျင်ကို အကြောင်းပြုတဲ့ စစ်ကောင်စီရဲ့ ယာယီအပစ်ရပ်မှု သက်တမ်းပြည့်တဲ့ ရက်ပဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အပစ်ရပ်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကိုကြည့်ရင် စစ်ကောင်စီရဲ့ အပစ်ရပ်မှုဟာ နိုင်ငံရေးအမြတ်ထုတ်လိုမှု သက်သက်သာဖြစ်တယ်ဆိုတာ ပိုမြင်သာစေခဲ့ပါတယ်။

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရာနဲ့ချီ ရှိခဲ့ပါတယ်။

DVB ရဲ့ အချက်အလက်အရ ငလျင်စတင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၂၅ ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှုပေါင်း ၃၄၉ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၆၄ ဦးထပ်မနည်း သေဆုံးခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်တွေကတော့ စစ်ကောင်စီရဲ့ အပစ်ရပ်မှုဟာ နိုင်ငံတကာနဲ့ လူထုတွေကို လှည့်စားဖို့အတွက် သက်သက်သာဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ ကရင်နီနဲ့ မန္တလေးတိုင်းထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ထိခိုက်သေဆုံးမှုတွေ ဆက်ရှိနေပါတယ်။

ရှမ်းမြောက်မှာတော့ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာ စစ်ကောင်စီက တောင်းခမ်းနဲ့ အုမ္မတီးဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်တာတွေ ဆက်လုပ်နေပါတယ်။

“ဒီနေ့က တောင်းခမ်း ၉၀၂ တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတယ်” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အပစ်ရပ်ကာလအတွင်း TNLA ထိန်းချုပ်ဒေသကို စစ်အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာလို့ TNLA က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်ကောင်စီရဲ့ အပစ်ရပ်မှုဟာ သိသာမြင်သာတဲ့ ပြောင်းလဲမှုတွေ မတွေ့ရဘဲ ဘာသာရေးအဆောက်အအုံတွေ၊ လူထုကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“စကစဘက်က အပစ်ခတ်ရပ်စဲရေးပြောပြော ဘာမှမထူးဘူး။ သူလုပ်ချင်သလို လုပ်နေတာပေါ့လေ။ ဗုံးကြဲ သတ်ဖြတ်နေတဲ့ဟာတော့ ပိုတိုးလာတယ်။ အရပ်ဖက်ပစ်မှတ်အပြင် ဘာသာရေးပစ်မှတ်တွေလည်း ပိုတိုးလုပ်လာတယ်”

ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ KNU ထိန်းချုပ်ဒေသမှာလည်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး သံဃာ ၄ ပါး ပျံလွန်တော်မူခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့ ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာလည်း စစ်ကောင်စီတပ်က ခြေမြန်တပ်ရင်း ခမရ-၄၄၂ ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

“အထက်မှာ ချပြချင်တာ ချပြတယ်။ အောက်မှာ လုပ်ချင်တာလုပ်မယ်ဆိုတာ စစ်ကောင်စီ လုပ်နေကြအတိုင်းပဲ။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေကတော့ အမြဲတမ်း စစ်ရေးသတိ ရှိနေတယ်”လို့ မိုးဗြဲတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ် (၁) ဗျူဟာ သတင်းပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြော ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်တွေကို မကြာခဏခံနေရတဲ့ ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီ အပစ်ရပ်မှုကို အယုံအကြည်မရှိကြောင်း ပြောပါတယ်။

“ကျမတော့ အယုံအကြည်မရှိဘူး။ ကျမတို့ တန်ဖိုးထားတဲ့ ကယန်းအမျိုးသားနေ့တောင် ဗုံးကြဲတယ်။ လေယာဥ်နဲ့လည်း နေ့တိုင်းကြဲနေတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ငလျင်ဘေးကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄၂ ဦး သေဆုံးခဲ့ကြောင်း ဧပြီလ ၂၈ ရက်မှာ ထုတ်ပြန်ထားပြီး စစ်ကောင်စီရဲ့ အပစ်ရပ်မှုမှာ စာရွက်ပေါ်မှာသာရှိတယ်လို့ တုန့်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက အပစ်ရပ်မှုကို အခွင့်ကောင်းယူပြီး ၎င်းတို့ရဲ့ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ မကြာခဏစွပ်စွဲ ပြောဆိုပါတယ်။

ငလျင်ကို အကြောင်းပြုတဲ့ အပစ်ရပ်ခဲ့တဲ့ စစ်ကောင်စီတပ်ကို ယုံကြည်လို့မရကြောင်း ၎င်းရဲ့ လုပ်ရက်တွေက ပြသနေပြီး စစ်ကောင်စီတပ် ကျဆုံးမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမှာဖြစ်ကြောင်း တော်လှန်ရေးတပ်တွေက ယုံကြည်နေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

PSLA လက်နက်အပ်ပြီး နှစ် ၂ဝ အကြာ

အာဏာသိမ်း စစ်အစိုးရ ဖိအားပေးမှုကြောင့် တအာင်းလူမျိုးရဲ့ တော်လှန်ရေးသမိုင်း ခေတ္တ ရပ်တန့်လိုက်ရချိန်က ၂ဝဝ၅ ခုနှစ် ဧပြီ ၂၉ ရက်။

တရုတ်စီစဥ်ပေးတဲ့ လားရှိုးအုပ်ချုပ်သူအပြောင်းအလဲနဲ့ ဖြစ်လာနိုင်တဲ့ ရှမ်းမြောက်နိုင်ငံရေး အခင်းအကျင်း

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်မတိုက်ယူနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်အုပ်ချုပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ဖိအားကြားက စစ်အာဏာရှင် တော်လှန်ရေးမှာ TNLA ဆက်လက်ပါဝင်သွားမယ်

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် မလုပ်ဆောင်နိင်ရင် လာမယ့်မျိုးဆက်သစ်တွေမှာ စစ်ဘေးဒဏ်ကို ဆက်လက်ခံစားရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ TNLA က ထုတ်ပြောလာပါတယ်။

လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်မတိုက်ယူနိုင်ပေမယ့် တရုတ်ရဲ့ အကူအညီနဲ့ လားရှိုးကို စစ်ကောင်စီ ပြန်ရတော့မှာလား

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ဟာ လက်ရှိမှာ ပုံမှန်လည်ပတ်နေပေမယ့် လာမယ့် ရက်ပိုင်းတွေအတွင်းဖြစ်လာမယ့် အုပ်ချုပ်သူအပြောင်းအလဲကို လူထုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကပါ စိတ်ဝင်စားနေကြပါတယ်။