ဓာတ်ပုံ – ဒေသခံ

‎By လွေးထွေး၊ ရွှေဖီမြေ

‎”ဖရော” ဆိုတဲ့ ဗုံးကြဲလေယာဉ်ခေါ် ဂျက်လေယာဉ်နဲ့ “ဝုန်ဝုန်” ဆိုတဲ့ ကင်းထောက်လေယာဉ်ခေါ် Y 12 လေယာဉ်တွေ နေ့နေ့ညည ပျံဝဲ၊ ဖြတ်သန်း၊ ဗုံးကြဲနေတာကြောင့် လေယာဉ်သံ ကြားနေရရင် ကလေး၊ လူကြီး၊ လူငယ်၊ လူလတ်၊ အမျိုးသား၊ အမျိုးသမီးတွေက အသားတွေ တစ်ဆတ်ဆတ်တုန်အောင် ကြောက်ရွံ့တုန်လှုပ်ကြပြီး တချို့သူတွေရဲ့ ပါးစပ်ဖျားမှာ ဘုရား၊ တရား တနေကြပါတယ်။

‎”ဘယ်တော့များ ငါတို့ခေါင်းပေါ် အဲအသီးတွေ ကျလာမလဲ” ဆိုပြီး ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မယ့်နေ့ကို မျက်စိမှိတ် နားပိတ်ပြီး စောင့်ကြိုနေရသလိုပါဘဲ။

‎ဒီလိုဖြစ်စဉ်ကို မြန်မာတစ်နိုင်ငံလုံးက နေရာအများစုအပြင် တိုက်ပွဲဖြစ်ပွားရာနေရာရော တိုက်ပွဲမဖြစ်ပွားတဲ့ တောင်တန်း၊ မြေပြန့် စတဲ့နေရာက လူမျိုးဘာသာမရွေး ကြုံတွေ့ခံစားနေကြရတာပါ။

‎စစ်ကောင်စီတပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာ လေကြောင်းဗုံးကြဲတိုက်ခိုက်ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းနဲ့ နောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ တအာင်းဒေသရဲ့ နေရာအများစုကို ဗုံးကြဲတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာတာကို တွေ့မြင်နေရပါတယ်။

‎လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တိုင်းကလည်း အရပ်သားလူထုတွေကိုသာ အများဆုံး ထိခိုက်သေကြေစေပြီး အရပ်သားတွေရဲ့ အိုးအိမ်၊ အများသုံးအဆောက်အဦးနဲ့ ဘာသာရေးအဆောက်အဦးတွေကသာ ပျက်စီးဆုံးရှုံးတာ ဖြစ်ပါတယ်။

‎ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်ဟာ ရန်သူကို ရန်သူလိုမတိုက်ဘဲ လက်နက်မဲ့၊ အပြစ်မဲ့ အားနည်းနေတဲ့ အရပ်သားလူထုတွေကို အနိုင်ကျင့် ဗိုလ်ကျနေတာလို့ မြင်မိသလို လူလူချင်းမစာနာ ကလေးငယ်တွေကအစ သေကြေနေရတာကြောင့် လူမျိုးတုံး သတ်ဖြတ်နေတာလားလို့တောင် တွေးတောယူဆမိပါတယ်။

‎လေကြောင်းဗုံးကြဲမှုကြောင့် သေတဲ့သူက သေနဲ့ ရှင်သန်ကျန်ရစ်သူတွေကလည်း စိတ်ဒဏ်ရာ အပြည့်နဲ့ နေ့နေ့ ညည နေထိုင်နေရတာကြောင့် တချို့သောသူတွေက စိတ်ရောဂါအဆင့်အထိ ခံစားနေရတာကို တွေ့နေရပါတယ်။

‎”အဆိပ်သောက်သေတာတောင် ချက်ချင်းမသေဘဲ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ဇက်ငင်ဇက်ငင် ခံစားနေရသေးတယ်။ လေယာဉ်ဗုံးကြဲရင် မိဘတောင် မခေါ်လိုက်ရဘူး” လို့ လူထုတွေရဲ့ ပါးစပ်ဖျားက စကားသံကို ကြားနေရပါတယ်။

‎ကောင်းကင်ပေါ် လေယာဉ်ဖြတ်တိုင်း ဗုံးကြဲလေယာဉ်ဘဲမဟုတ်ပေမယ့် သာမန်လေယာဉ်တွေရဲ့ အသံကြားတာနဲ့တင် နှလုံးရောဂါဖောက်ပြီး ချက်ချင်းစိတ်ငြိမ်ဆေးသောက်နေရတဲ့အဖြစ်ကို နမ့်ဆန်မြို့နယ် ဟူးခင်အုပ်စုမှ ဒေါ်ဆမ်က ခံစားနေရပါတယ်။

‎ဒီအဖြစ်အပျက်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သူမနေထိုင်တဲ့ ရပ်ရွာ၊ နေအိမ်ကနေ တောတောင်ထဲ ပြေးလွှားပုန်းရှောင်နေထိုင်ခဲ့ရချိန်က စဖြစ်ခဲ့တာ အခုနှစ် ၂၀၂၅ ခုနှစ် ဒီအောက်တိုဘာလအထိပါဘဲ။

‎ဒါ့အပြင် တအာင်းဒေသရဲ့ နေရာအများစုမှာ ဘာသာရေးပွဲတော်တွေလည်း မလုပ်ရဲကြတော့သလို လူစုလူဝေးဖြစ်စေမယ့် ပွဲလမ်းသဘင်တွေလည်း မကျင်းပရဲတော့ပါဘူး။

‎ဘာကြောင့်လဲဆိုတော့ စစ်ကိုင်းနဲ့ ပဲခူးအပြင် မန္တလေးတိုင်း စတဲ့နေရာမှာ မင်္ဂလာဆောင်၊ အသုဘ၊ ရက်လည်နဲ့ သင်္ကြန်၊ သီတင်းကျွတ် လူအများစုဝေးနေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့လို့ပါ။

‎ဒါတင်မကပါဘူး။ စစ်ကောင်စီတပ်ဟာ စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထားပြီး တိုက်ခိုက်လာနေတာကြောင့် တအာင်းဒေသရဲ့ မြို့ပေါ်နဲ့ ကျေးရွာအများစုရဲ့ စာသင်ကျောင်းကို ပိတ်ထားကြရပြီး ကလေးငယ်တွေလည်း ပညာသင်ကြားခွင့်တွေ မရကြတော့ပါဘူး။

‎ကျောင်းပိတ်ထားရတာကြောင့် ကျောင်းမတက်ရတဲ့ အသက် ၅ နှစ် ဝန်းကျင်အရွယ် မန်တုံမြို့က ကလေးက “အခုက ကျောင်းမတက်ရတော့ဘူး။ တက်လည်း မတက်ရဲဘူး။ စာသင်ရင်း ဗုံးကြဲခံရလို့ သေရင် ထိုင်ခုံပေါ် ခဲတံနဲ့စာအုပ်ဘဲ ကျန်ခဲ့ပြီး ကိုယ့်ထိုင်ခုံပေါ် သွေးတွေဖြစ်မှာကြောက်လို့” ဆိုပြီး တုန်ရင်တဲ့ အသံနဲ့ ပြောပြပါတယ်။

‎လေကြောင်းဒဏ်ကို ၃ ကြိမ် ခံခဲ့ရတဲ့ နမ္မတူမြို့နေ လူထုတွေကလည်း နီးစပ်ရာ၊ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရလို့ လက်ရှိ နမ္မတူမြို့ပေါ်မှာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။

‎နမ္မတူမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့လို့ လူသေဆုံးခဲ့တဲ့ မြင်ကွင်းတွေကို မြင်ခဲ့ရပြီး ဗုံးထိတဲ့အိမ်နဲ့ အနီးဝန်းကျင်မှာနေတဲ့ အမျိုးသမီးတွေကလည်း စိတ်ဒဏ်ရာနဲ့ ထွက်ပြေးနေထိုင်ရပါတယ်။

‎”လေယာဉ်မကြဲတော့ဘူးလို့ ပြောရင်တောင် အိမ်ပြန်နေဖို့ စိတ်ကိုတော်တော်လေး ပြင်ဆင်ရမယ်” လို့ သူမက ပြောပြပါတယ်။

‎အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု အောက်တိုဘာ ၂၁ ရက်အထိ ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် တအာင်းဒေသမှာ ကလေးအပါအဝင် ၁၁၄ ဦး သေဆုံးခဲ့ရပြီး ကလေးအပါအဝင် ၂၀၂ ဦးက ဒဏ်ရာရခဲ့ပါတယ်။

‎ဒီလိုလူတွေ အများအပြား သေဆုံးတာကိုကြည့်ပြီး အသက်ရှင်ကျန်ရစ်သူတွေကလည်း ကြောက်ရွံ့နေကြရပါတယ်။

‎မနက်မိုးလင်းရင် ဖုန်းလိုင်းအဆင်မပြေ အင်တာနက်လိုင်းမရတဲ့ ရက်ကွက်၊ ကျေးရွာက လူထုတွေဟာ “မနေ့ည ဘယ်နေရာကြဲသွားလဲ။ လူဘယ်နှစ်ယောက်ထိလဲ” ဆိုပြီး အပြန်အလှန်မေးနေကြတဲ့ မနက်ခင်းသတင်းဟာ သတင်းကောင်းတွေတော့ မဟုတ်နေပါဘူး။

‎အခုလို သတင်းကောင်းမဟုတ်တဲ့ သတင်းဆိုးတွေကို အပြန်အလှန်မမေးမြန်းပြီး မသိလိုတော့တာကြောင့် ပြည်တွင်းစစ် အမြန်ပြီးမြောက်အောင်နဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေကို ရပ်တန့်ပေးဖို့ လူထုတွေက တောင်းဆုအလီလီချွေနေကြပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။