By မိုင်းရူပ၊ ရွှေဖီမြေ

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်မှာ တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီလက်အောက် ပြန်ရောက်သွားတာကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးဟာ စစ်ကောင်စီထိန်းချုပ်မှုအောက် ပြန်ရောက်သွားခဲ့ရပြီ။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်က ပြင်ဦးလွင်မြို့ကလွဲရင် လားရှိုးကို ကိုးကန့်တပ်၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့တွေကို တအာင်းတပ်က ထိန်းချုပ်ထားခဲ့ပါတယ်။

ဒါပေမဲ့ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့်နဲ့ စစ်ကောင်စီက ပြန်ထိန်းချုပ်ပြီး MNDAA နဲ့ အပစ်ရပ်ခဲ့ပြီးနောက် TNLA ကို ဦးတည် တိုက်ခိုက်လာခဲ့ပါတယ်။

ဇူလိုင်လထဲမှာ နောင်ချို၊ အောက်တိုဘာလထဲမှာ ကျောက်မဲနဲ့ သီပေါမြို့တွေထိ စစ်ကောင်စီရဲ့ ထိုးစစ်တွေရောက်လာပြီး လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းကြီး လက်လွှတ်ခဲ့ရတဲ့အထိ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့ပါတယ်။

တအာင်းတပ်က ထိန်းချုပ်နယ်မြေတွေကို လက်လွှတ်နေရတာဟာ TNLA အဖွဲ့အစည်းအတွက် သက်ရောက်တာမဟုတ်ဘဲ တော်လှန်ရေးတစ်စုံလုံးအတွက် ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ဖြစ်ပါတယ်။

TNLA ဘာကြောင့် မြို့တွေလက်လွှတ်နေရတာလဲ။

၁၀၂၇ စစ်ဆင်ရေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး တိုက်ပွဲတွေရပ်ဖို့ တရုတ်ရဲ့ ဖိအားကြောင့် ထိုးစစ်တွေ ရပ်တန့်ခဲ့ရသလို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်မှာ ကိုးကန့်တပ်က ၎င်းတို့ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဦးတည် ထိုးစစ်ဆင်လာခဲ့ပြီး ရှမ်းမြောက်မှာ စစ်ကောင်စီထိုးစစ်ကို TNLA တစ်ဖွဲ့တည်း ရင်ဆိုင်ခဲ့ရပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ချိန် တအာင်းတပ်ဘက်က ၉ လကျော်ကြာ ခုခံစစ် လုပ်နိုင်ခဲ့ပေမဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်မှာတော့ လပိုင်းအတွင်းမှာဘဲ စစ်ကောင်စီထံ လက်လွှတ်ခဲ့ရပါတယ်။

ဒါဟာ တအာင်းတပ်ရဲ့ မဟာမိတ်ဖြစ်တဲ့ UWSA က စစ်ရေးအကူအညီမပေးတော့တာ၊ တအာင်းတပ်အပေါ် လူထုထောက်ခံမှု အားနည်းတာ၊ ရှမ်းမြောက်မှာ စစ်ကောင်စီထိုးစစ်ကို TNLA တစ်ဖွဲ့တည်း ခုခံနေရတာ၊ ကျန်ဒေသတွေမှာ စစ်ကောင်စီကို ပြန်ခြိမ်းခြောက်နိုင်တဲ့ ကြီးမားတဲ့ ထိုးစစ်တွေ မလုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်းမြောက်ရှိ တော်လှန်ရေးအင်အားစုတွေအကြား နယ်မြေအငြင်းပွားမှုတွေကြောင့် ပူးပေါင်းပါဝင်မှု အားနည်းတာတွေပါဝင်သလို တိုက်ပွဲအချိန်ကြာလာတာနဲ့အမျှ TNLA တပ်ဖွဲ့ဝင်တွေ စစ်ပန်းလာတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က စစ်မှုမထမ်းမနေရ ဥပဒေကနေ အတင်းစုဆောင်းထားတဲ့ တပ်သားသစ်တွေကြောင့် စစ်အင်အားပိုများလာပြီး အဆင့်မြင့်တဲ့ ဒရုန်းနည်းပညာတွေကိုလည်း ပိုသုံးလာနိုင်ခဲ့ပါတယ်။

ဒီအချက်တွေဟာ စစ်ကောင်စီအတွက် အားသာချက်ဖြစ်စေခဲ့ပြီး TNLA ထိန်းချုပ်ဒေသတွေကို ထိုးဖောက်ဝင်ရောက်လာနိုင်တဲ့ အချက်တွေလို့ သုံးသပ်ရပါတယ်။

ရှမ်းမြောက်က စစ်ကောင်စီရဲ့ ထိုးစစ်ကို SSPP ကူညီတာတွေ ရှိနေသလား

ကျောက်မဲနဲ့ သီပေါမြို့နယ်တိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က စစ်ကောင်စီကို ကူညီပေးခဲ့တာတွေရှိနေတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

ကျောက်မဲနဲ့ သီပေါမြို့မှာ SSPP က စစ်ကောင်စီကို နယ်မြေလမ်းကြောင်းအရ ကူညီတာတွေရှိနေပြီး တအာင်းတပ်က ရေရှည်ခုခံဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် TNLA အနေနဲ့ စစ်ကောင်စီကို တိုက်ထုတ်ဖို့ အားလုံးနဲ့ ပူးပေါင်းလိုပေမဲ့ ပူးပေါင်းပါဝင်မှု အားနည်းတာတွေ ရှိနေတယ်လို့ လွေးယေဦးက ပြောပါတယ်။

SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကတော့ စစ်ကောင်စီကို SSPP က စစ်ရေးကူညီပေးတာ မရှိဘူးလို့ ပြန်တုံ့ပြန်ထားပါတယ်။

SSPP က စစ်ကောင်စီကို ကူညီပေးတာ မရှိဘူးလို့ ပြောနေပေမဲ့ မြေပြင်မှာတော့ စစ်ကောင်စီကို SSPP က မြေပြင်လမ်းကြောင်းအရ ကူညီပေးခဲ့တာ တွေ့ခဲ့ရပါတယ်။

စစ်ကောင်စီက ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် နောင်ချိုကနေ ဂုတ်တွင်းချောင်းကနေတစ်ဆင့် SSPP ထိန်းချုပ်ထားတဲ့ ထန်းတပင် – နောင်ပိန် ကျေးရွာကနေတစ်ဆင့် ထိုးစစ်ဆင်တိုက်လာတာ ဖြစ်ပါတယ်။

SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ကျေးရွာထဲကို တခြား တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ယူနီဖောင်းဝတ်ပြီး ဖြတ်သန်းသွားလာခွင့်ကို SSPP က ကန့်သတ်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက အဲဒီလမ်းကြောင်းကနေ ထိုးစစ်ဆင်လာချိန် SSPP နဲ့ ဘယ်လို သဘောတူညီချက်တွေရှိခဲ့လဲဆိုတာကိုတော့ မသိရပါဘူး။

စစ်ကောင်စီတပ်ဘက်ကလည်း ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ကြောင်း ထုတ်ပြန်ချက်အတွင်းမှာလည်း နောင်ချိုကနေ ဂုတ်တွင်းချောင်းကို ဖြတ်ပြီး နောင်ပိန်ကနေ ထိုးစစ်ဆင်လာတာကို ဖော်ပြထားတာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – USDP ရဲ့ နေပြည်တော်ကောင်စီဥက္ကဌ ဦးလှဆွေကလည်း နောင်ချို၊ ကျောက်မဲနဲ့ သီပေါမှာ SSPP က စစ်ကောင်စီကို ကူညီပေးတာရှိကြောင်း ၎င်းရဲ့ တစ်တော့မှာ အောက်တိုဘာ ၁၈ ရက်က တင်ထားတာ တွေ့ရပါတယ်။

နောင်ချိုကို စစ်ကောင်စီပြန်ရပြီးနောက် နောင်ချို-ကျောက်မဲ လမ်းပေါ်ရှိ ဂုတ်တွင်းလမ်းပိုင်းမှာ TNLA က ခံစစ်အခိုင်အမာ ပြုလုပ်ထားတဲ့ စစ်ကောင်စီက SSPP ရဲ့ နယ်မြေကနေ ကျောက်မဲဘက်ကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်တာ တွေ့ရပါတယ်။

လူထုကို စည်းရုံးဖို့ စစ်ကောင်စီသုံးတဲ့ နည်းဗျူဟာ

ကျောက်မဲ၊ သီပေါနဲ့ နောင်ချိုမြို့တွေကို တအာင်းတပ် ထိန်းချုပ်ထားချိန် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူထုဝန်ဆောင်မှုဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးတွေကို ကောင်းကောင်း မလုပ်ပေးနိုင်ခဲ့ပါဘူး။

ဒါ့အပြင် ကျောက်မဲ၊ သီပေါနဲ့ နောင်ချိုမြို့နယ်တွေမှာ တအာင်းလူမျိုးတွေ အနည်းစုသာရှိတာကြောင့် တိုင်းရင်းသား လူမျိုးစုကြား စစ်ကောင်စီက သွေးခွဲနည်းဗျူဟာကို ကျင့်သုံးခဲ့ပြီး လူမျိုးစုအကြား သွေးခွဲခဲ့ပါတယ်။

ဒါဟာ TNLA အပေါ် လူထုဘက်က အားပေးထောက်ခံမှု ကျဆင်းစေတဲ့ အချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီမြို့တွေကို စစ်ကောင်စီပြန်ရပြီးနောက်ပိုင်းမှာ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေကို စစ်ကောင်စီက အရင်လုပ်ပေးတာ တွေ့ရပြီး လူထုတွေကို စည်းရုံးခဲ့ပါတယ်။

ဒါ့အပြင် အဲဒီမြို့တွေမှာ ၎င်းတို့လုပ်ပေးတဲ့ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ အကျယ်တဝန်း ဖော်ပြနေတာ တွေ့ရပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေး ပြန်စလာနိုင်တဲ့ လမ်းကြောင်း

စစ်ကောင်စီဘက်က သီပေါမြို့ကို ပြန်ရသွားပြီးနောက် စစ်ကောင်စီဘက်က လားရှိုး-မန္တလေး လမ်းကို ပြန်ဖွင့်ပေးခဲ့ပြီး ဖြတ်သန်းသွားလာခွင့်တွေ ပေးခဲ့ပါတယ်။

လက်ရှိအနေအထားမှာ မူဆယ်-မန္တလေး လမ်းကြောင်းပေါ်တွင် တိုက်ပွဲမရှိတော့ဘဲ ဖြတ်သန်းသွားလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့အတွက် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးထက် ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် လမ်းကြောင်းကနေတစ်ဆင့် ပိုလုပ်လာမယ့် အခြေအနေဖြစ်ပါတယ်။

ချင်းရွှေဟော် နယ်စပ်လမ်းကြောင်းဟာ ကိုးကန့်တပ် တစ်ဖွဲ့တည်းသာ စစ်ကောင်စီညှိယူရမယ့် လမ်းကြောင်းဖြစ်ပြီး ကိုးကန့်တပ်နဲ့လည်း အပစ်ရပ်ထားပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ မန္တလေးထိုးစစ် အိပ်မက်

၁၀၂၇ စစ်ဆင်ရေးအရှိန်ရနေချိန် TNLA ရဲ့ ထိုးစစ်ဟာ ရှမ်းမြောက်နဲ့ ရှမ်းတောင်အစပ် နောင်ချိုမြို့နယ် တောင်ခမ်းနယ်အထိ တပ်ဖြန့်ထားနိုင်ခဲ့သလို နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အုမ္မတီး ကျေးရွာအထိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါဟာ TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA အတွက် ရှမ်းတောင်ကို ထိုးစစ်ဆင်ဖို့ ခြေလှမ်းဖြစ်သလို မန္တလေးကို ထိုးစစ်ဆင်ဖို့ တော်လှန်ရေးတပ်တွေအတွက် အခွင့်အလမ်း ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးဟာ စစ်ကောင်စီထိန်းချုပ်မှုအောက် ပြန်ရောက်သွားတာကြောင့် တော်လှန်ရေးတပ်တွေရဲ့ မန္တလေးထိုးစစ် အချိန်တစ်ခု ထပ်ယူရအုံးမှာဖြစ်ကြောင်း။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။